အမျိုး၊ ဘာသာ၊ သာသနာမြှင့်တင်ရန် YMBA ရာသက်ပန် ဂုဏ်ထူးဆောင်နာယက ဗိုလ်ချုပ်မှူးကြီးပြော

October 8, 2019

အမျိုး၊ ဘာသာ၊ သာသနာမြှင့်တင်ရန် YMBA ရာသက်ပန် ဂုဏ်ထူးဆောင်နာယက ဗိုလ်ချုပ်မှူးကြီးပြော 

အမျိုး၊ ဘာသာ၊ သာသနာကို အသိပညာနဲ့မြှင့်တင်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ်(YMBA)က  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို    မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ချီးမြှင့်ခြင်းနဲ့ အသင်းချုပ်ရဲ့ ရာသက်ပန် ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ခန့်အပ်တဲ့ အခမ်းအနားကို မနေ့က  ရန်ကုန်မြို့မှာ ကျင်းပရာမှာ ပြောကြားသွားတာပါ။  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီကနေ့ဟာ မိမိနဲ့ တပ်မတော်အတွက် ထူးခြားပြီး မင်္ဂလာရှိတဲ့ နေ့တနေ့ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်ခေါင်းဆောင်တဦးကို အခုလိုဘွဲ့တံဆိပ်ပေးအပ်ခြင်းဟာ ပထမဆုံးဖြစ်ကြောင်းနဲ့ သမိုင်းအစဉ်အလာကြီးမားပြီး မြန်မာ့ လွတ်လပ်ရေးဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ နှစ်ပေါင်း ၁၁၃ နှစ်သက်တမ်းရှိ YMBA အသင်းကြီးရဲ့  ဂုဏ်ထူးဆောင်နာယကကြီးအဖြစ် ချီးမြှင့် ခန့်အပ်ခြင်းခံရလို့ များစွာဂုဏ်ယူမိပါကြောင်း ပြောသွားပါတယ်။  မိမိဟာ မိရိုးဖလာဗုဒ္ဓဘာသာကိုးကွယ်သူ မိဘနှစ်ပါးက မွေးဖွားလာသူဖြစ်ပြီး မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်အောက်မှာ နာယူလိုက်ပါဆောင်ရွက်ကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စစ်မှုထမ်းအတွေ့အကြုံ နှစ်ပေါင်း ၄၀ ကျော်ရှိခဲ့ပြီး ၂၀ဝ၄ ခုနှစ်က စလို့ တိုင်းစစ်ဌာနချုပ်၊ ပြည်နယ် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံကို ဦးဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေ များစွာရှိခဲ့ကြောင်း၊ ဒီအတွေ့အကြုံတွေနဲ့ YMBA  အသင်းရဲ့ ရာသက်ပန်နာယကအဖြစ် ပါဝင်ပြီး ကောင်းရာကောင်းကျိုးကို အသုံးပြုခွင့်ရတော့မယ်လို့ လည်းပြောပါတယ်။ အမျိုးဘာသာ မြှင့်တင်ဖို့နဲ့ပတ်သက်ပြီးလည်း ဗိုလ်ချုပ်မှူးကြီးက “အသိပညာကို အမျိုး၊ ဘာသာ၊ သာသနာနဲ့ မြှင့်တင်ပေးနိုင်သလိုပဲ  အတတ်ပညာကိုလည်း သင်ကြားရယူခြင်းအားဖြင့် တိုးမြှင့်တင်နိုင်ပါတယ်။ ဒါကြောင့် ကျောင်းနေပညာရေး စနစ်မှာ အတန်းအလိုက် သတ်မှတ် အဆင့်အတန်းအတိုင်း စာတတ်အောင်လည်း ပညာရည်မြင့်မားတဲ့ လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်ခြင်းဟာ နိုင်ငံ့အတွက် အကျိုးများစွာရှိစေမှာ ဖြစ်ကြောင်း ကျနော်ပြောကြားလိုပါတယ်”လို့ ပြောပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာနဲ့ ပညာကို စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်း၊ သာသနာရေးကိစ္စများ စွမ်းစွမ်းတမံဆောင်ရွက်ခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် တပ်မတော် အား ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဘာသာလူမျိုးမခွဲခြားဘဲ လူသားချင်းစာနာသော ခေါင်းဆောင်ကောင်း စိတ်ဓာတ်ရှိခြင်းစတဲ့ ၆ ချက်နဲ့ ကိုက်ညီတဲ့အတွက်   ဗိုလ်ချပ်မှူးကြီး မင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ခန့်အပ်ချီးမြှင့်တာလို့ (YMBA) အသင်းက ပြောပါတယ်။ YMBA အသင်းကြီးကို ၁၉၀၆ ခုနှစ်၊ မေလ ၁၀ ရက်မှာ စတင်တည်ထောင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ အမျိုးသားနိုင်ငံရေးကိုဦးဆောင်ခဲ့တဲ့ အစောဆုံးအသင်းအဖွဲ့ကြီးလည်း ဖြစ်ခဲ့ပါတယ်။  ဓာတ်ပုံ- CINCDS
2 years Ago
Up