အမျိုးသား ၁ ဦးသေဆုံး

September 18, 2021

တောင်တွင်းကြီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးအကြမ်းဖက်ရိုက်နှက်သဖြင့် အမျိုးသား ၁ ဦးသေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အကြမ်းဖက်ရိုက်နှက်လို့ အုန်းတော ၁ ရပ်ကွက်၊ ၅၅၀ ကွက်သစ်မှာနေထိုင်တဲ့   အသက် ၅၀ ဝန်းကျင် အမျိုးသား  ၁ ဦး  စက်တင်ဘာလ ၁၈ ရက် ဒီနေ့မနက်က   သေဆုံးသွားတယ်လို့ မိသားစုအသိုက်အဝန်းကနေ သိရပါတယ်။

ဦးကျော်ကျော်ကို စစ်ကောင်စီတပ်သားတွေက အုန်းတော ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖမ်းခေါ်လာပြီးနောက် ဦးကျော်ကျော်က အကျိုးအကြောင်း ရှင်းပြတာကိုလက်မခံဘဲ တညလုံးရိုက်နှက်ကန်ကျောက်ခဲ့တယ်လို့  မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

မနက် ၆ နာရီမှာတော့ ဦးကျော်ကျော်ရဲ့ မိသားစုကိုဆက်သွယ်လာလို့ မိသားစုကသွားခေါ်တဲ့အခါ အသက်ရှိသေးပေမဲ့ လုံးဝမလှုပ်နိုင်တော့တဲ့အတွက် သုံးဘီးယာဉ်နဲ့အိမ်ပြန်ခေါ်လာကာ မကွေးဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့  မကွေးဆေးရုံမှာတင် ဒီမနက် ၁၁ နာရီလောက်က သေဆုံးသွားခဲ့တာလို့ လည်းပြောပါတယ်။

 ''မနေ့ (စက်တင်ဘာ ၁၇) က ည ၁၀ နာရီ ခွဲလောက်က သူ့အမျိုးနေမကောင်းတာခေါ်လို့သွားတာ။ ညမထွက်ရ အမိန့်ရှိတယ်ဆိုတာသူသိတယ်။ သူ့အမျိုးအိမ်က အုန်းတော ၁ ထဲမှာပဲမို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဝင်ပြောပြီးမှသွားမယ်ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတာ။ သိပ်မကြာဘူး သေနတ်ဖောက်သံကြားရတာပဲ။ ဖုန်းကလည်း ပါသွားဘူး။ သူ့ခန္ဓာကိုယ်မှာတော့ သေနတ်ကျည်ဆန်ရာ မတွေ့ဘူး။ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကတော့ တကိုယ်လုံးပဲ ညိုမဲလို့။ ဒီလောက်အထိလုပ်လိမ့်မယ်လို့ထင်မထားဘူး။ ပြည်သူအပေါ်မှာ ရက်စက်လိုက်ကြတာ'' လို့ ဦးကျော်ကျော်ရဲ့ မိတ်ဆွေက ပြောပါတယ်။

တောင်တွင်းကြီးမြို့ပေါ်မှာ ၁၀ ရပ်ကွက်ရှိတဲ့အနက် အုန်းတော ၁ ရပ်ကွက်နဲ့ အုန်းတော ၂ ရပ်ကွက်ဟာ နယ်မြေချင်းထိစပ်နေတယ်လို့ သိရပါတယ်။

သေဆုံးသွားသူ ဦးကျော်ကျော်မှာ ဇနီးနဲ့ အရွယ်ရောက်ပြီး သား ၁ ယောက်၊ သမီး ၁ ယောက်ကျန်ခဲ့ပြီး ကောင်းရောင်းကောင်းဝယ်အလုပ်နဲ့ ရိုးသားစွာဘဝရပ်တည်နေသူဖြစ်ကြောင်း သိရပါတယ်။

ဦးကျော်ကျော် သေဆုံးမှုနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ တောင်တွင်းကြီးရဲစခန်းကို ဆက်သွယ်တဲ့အခါ သေမှုသေခင်းနဲ့အမှုဖွင့်ဖို့များပြီး အထက်အမိန့်ကိုစောင့်ဆိုင်းနေကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတဦးက ဖြေကြားပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ရိုက်နှက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူ ဒေသခံပြည်သူ ၇ ဦးအထိရှိသွားပြီဖြစ်ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

4 weeks Ago

September 8, 2021

ဟင်္သာတတွင် ဆိုက်ကယ်ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၁ ဦးသေဆုံး

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်မှာ စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းက  ဆိုင်ကယ် ၁ စီး မောင်းလာစဥ်ပေါက်ကွဲကာ အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး သုံးပင်ကွင်းရပ်ကွက် ၁ လမ်းမှာ ဆိုင်ကယ်မောင်းနှင်လာစဥ် ဆိုင်ကယ် Tool box ထဲက ပေါက်ကွဲမှုဖြစ်ပြီး ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အုန်းဆိုပြီး ထပေါက်တာ အစက အဲ့လောက်ဖြစ်လိမ့်မယ် မထင်ဘူး ခုက ပေါက်တဲ့ အသံတော်တော်ကျယ်တယ်။ ကောင်လေးကို ဆေးရုံကားခေါ်ပြီး ပို့ပေးလိုက်တယ်။ အခြေအနေတော့ မကောင်းဘူး''လို့ မျက်မြင်တွေ့သူက ပြောပါတယ်။

ဆိုင်ကယ်ပေါက်ပြီး ဆေးရုံရောက်လာသူအမျိုးသား နေအိမ်ကို စစ်ဆေးချိန်မှာ လက်လုပ်မိုင်း ၂ လုံးတွေ့ရှိတာကြောင့် လက်လုပ်မိုင်းပေါက်ကွဲတာလို့ စစ်ကောင်စီတပ်ဖွဲ့ သတင်းကြေးနန်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဆိုင်ကယ်ပေါက်ကွဲမှုကြောင့် ဆေးရုံရောက်လာသူ အမျိုးသားမှာ ဆေးရုံရောက်ပြီး မိနစ်ပိုင်းအကြာမှာ သေဆုံးသွားတယ်လို့ ဌာန အဆင့်ဆင့်သတင်းပို့ထားတယ်လို့ သိရပါတယ်။

1 month Ago
Up