သြစတြေးလျနိုင်ငံနဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ အွန်လိုင်းကနေ ကွန်ရက်ဖွဲ့ ချိတ်ဆက်ပြီး ကလေးတွေကို လိင်ပိုင်း မတော်မတရားပြု နှိပ်စက် ညှဉ်းပန်းထားတဲ့ရုပ်သံတွေကို ထုတ်လုပ်မျှဝေမှု စွဲချက်နဲ့ ကလေးသူငယ်စောင့်ရှောက်ရေး လုပ်သားဟောင်းတွေ အပါအဝင် အမျိုးသား ၁၄ ယောက်ကို ဖမ်းဆီးတရားစွဲထားတယ်လို့ သြစတြေးလျ ရဲတွေက နိုဝင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
အမေရိကန်အမိမြေ လုံခြုံရေးအရာရှိတွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးခဲ့ရာမှာ သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ် အနောက်အလယ်ပိုင်း ကမ်းရိုးတန်းက ကလေး စောင့်ရှောက်ရေးဌာနတခုတည်းက ကလေး ၁၆ ယောက် အပါအဝင် သြစတြေးလျ ဓားစာခံ ကလေး ၄၆ ယောက်ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့က ပြောပါတယ်။
သံသယရှိသူတွေကို ပြစ်မှုပေါင်း ၈၂၈ မှုနဲ့ တရားစွဲထားတယ်လို့ ရဲက ပြောပါတယ်။ သံသယရှိသူတွေဟာ နယူးဇီလန်၊ ကနေဒါ၊ အမေရိကန်၊ အာရှနဲ့ ဥရောပတို့က အွန်လိုင်းဖိုရမ်တွေကနေ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲထားသူတွေနဲ့ အချိတ်အဆက် ရှိထားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ရဲတွေက နောက်ထပ် ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ ထုတ်မပြောခဲ့ပါဘူး။ တနှစ်ကြာ စုံစမ်းစစ်ဆေးမှုအပြီး ကလေးတွေကို လိင်ပိုင်း မတော်မတရားပြုပြီး နှိပ်စက်ညှဉ်းပန်းထားတဲ့ ပစ္စည်းတွေကို ထုတ်လုပ်မှု၊ ပိုင်ဆိုင်မှုတွေအတွက် အမျိုးသား ၄၄ ယောက်ကို သြစတြေးလျ အာဏာပိုင်တွေက တရားစွဲပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
2 years Ago