အမျိုးသားအဆင့်

March 14, 2020

ကိုရိုနားဗိုင်းရပ်စ်တိုက်ဖျက်မှု အမျိုးသားအဆင့် အရေးပေါ်အခြေအနေ အမေရိကန် ကြေညာ

ကြီးထွားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိရောက်စွာ ကိုင်တွယ်နိုင်ဖို့ အမျိုးသားအဆင့် အရေးပေါ်အခြေအနေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၁၃ ရက်မှာ   ကြေညာလိုက်ပါပြီ။  ဒီလိုကြေညာလိုက်တာကြောင့် ဖက်ဒရယ်အစိုးရအနေနဲ့ အရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေအနေနဲ့ ဒေါ်လာ ၅၀ ဘီလီယံလောက်အထိ သုံးစွဲခွင့်ရလာမှာပါ။  ဒီနေ့မနက် ၁၀ နာရီအထိ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၂၂၈၇ ယောက်နဲ့ သေဆုံးသူ ၄၉ ယောက်ရှိပြီး ပြန်လည်သက်သာကောင်းမွန်းလာသူ ၄၁ ယောက်ရှိပါတယ်။ အမေရိကန် ပြည်နယ်တော်တော်များများမှာလည်း ကျောင်းတွေ၊ အားကစားပြိုင်ပွဲတွေ ပိတ်တာနဲ့ လူစုဝေးမှုတွေကို တားမြစ်ထားပါတယ်။  မတ် ၁၃ ရက် ညနေမှာတော့  အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုက ဗိုင်းရပ်စ် ကူးစက်ခံရသူတွေအတွက် ကူညီရေးအစီအစဉ်တခုကို အိမ်ဖြူတော်နဲ့ သဘောတူညီမှုရခဲ့တယ်လို့ ပြောပါတယ်။  အဲဒီအစီအစဉ်မှာ  လစာနဲ့ သီတင်းနှစ်ပတ် နာမကျန်းခွင့်၊ မိသားစုနဲ့ ဆေးခွင့်အတွက် လစာနဲ့ သုံးလအထိ ခံစားခွင့်၊ အာမခံမရှိသူတွေအတွက် အခမဲ့ ဗိုင်းရပ်စ် စမ်းသပ်ခွင့်နဲ့ အစားအစာ ထောက်ပံ့တာတွေ ပါဝင်တယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။  ကမ္ဘာတဝန်းနိုင်ငံပေါင်း ၁၄၅ နိုင်ငံမှာ မတ်လ ၁၄ ရက် မနက် ၁၀ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ သူပေါင်း  ၁၄၅၆၃၁ ယောက်၊ သေဆုံးသူ ၅၄၂၃ ယောက်နဲ့ ပြန်ကောင်းလာသူ ၇၁၁၆၉ ယောက် ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 
3 years Ago

November 17, 2019

စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး အမျိုးသားအဆင့် ဆွေးနွေးမည်

နိုင်ငံတဝန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ စားသောက်ကုန်တွေ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစိတ်ချစေရေးအတွက် အမျိုးသားအဆင့်ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်ဦးပိုင်းမှာ ကျင်းပသွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောလိုက်ပါတယ်။ နိုဝင်ဘာ ၁၆ ရက်က ဗဟန်းမြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဧည့်ခန်းမမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးရာမှာ ဝန်ကြီးက ပြောဆိုခဲ့တာပါ။ အဲဒီဆွေးနွေးပွဲကြီးက အကြံပြုဆွေးနွေးချက်တွေကို ရယူပြီး လုပ်ငန်းမူဘောင်၊ လမ်းပြမြေပုံ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ဒါ့အပြင် စားသုံးသူနဲ့ ရောင်းချသူတွေကို ထိရောက်စွာ အသိပညာပေးနိုင်ဖို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဌာနတွေ ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ဖို့လည်း ပြောဆိုခဲ့ပါတယ်။ ဈေးတွေမှာ ရောင်းချတဲ့ စားသောက်ကုန်တွေ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ စားသောက်ကုန်တွေ ဖြစ်စေဖို့ စည်ပင်သာယာရေးကော်မတီနှင့်စည်ပင်သာယာရေးအဖွဲ့များက ဦးဆောင်အခန်းကဏ္ဍက ဆောင်ရွက်ပေးဖို့လည်း နိုဝင်ဘာ ၁၆ ရက်တွေ့ဆုံပွဲမှာ တိုက်တွန်းခဲ့ပါတယ်။
3 years Ago
Up