အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များပြောင်းလဲ

July 6, 2020

မန္တလေးတိုင်းအတွင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အ‌ပြောင်းအလဲ ၂ နေရာရှိ

မန္တလေးတိုင်းအတွင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေတွေမှာ အ‌ပြောင်းအလဲ နှစ်နေရာရှိတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ပြောပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြင်ဦးလွင်ခရိုင်က အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေတခု ရှိခဲ့ပြီး မြင်းခြံခရိုင်က မဲဆန္ဒနယ် နှစ်ခု ရရှိခဲ့တာဖြစ်ပါတယ်။  လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လူဦးရေအပေါ် မူတည်ပြီး ပြင်ဦးလွင်ခရိုင်က အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ နှစ်နေရာအထိ ရရှိလာတာဖြစ်ပါတယ်။ မြင်းခြံခရိုင်ကတော့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ ဖြစ်သွားပါတယ်။ [caption id="attachment_397914" align="alignleft" width="360"] မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဥက္ကဌ ဦးရှိန်ဝင်း[/caption] မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဥက္ကဌ ဦးရှိန်ဝင်းက "၂၀၁၅ က မဲဆန္ဒနယ် ခွဲတာနဲ့ မတူတာက ပြည်သူ့လွှတ်တော်မှာ မရှိပါဘူးခင်ဗျ၊ အမျိုးသားလွှတ်တော်မှာပဲ ရှိပါတယ်။ အမျိုးသားလွှတ်တော် ဘယ်မှာ ရှိသွားလဲဆိုရင် ၂၀၁၅ တုန်းက မြင်းခြံက လူဦးရေက များတာကြောင့် မြင်းခြံက မဲဆန္ဒနယ် နှစ်နေရာဖြစ်သွားတယ်၊ အခု ၂၀ ကျ ပြင်ဦးလွင်က များတဲ့အတွက်ကြောင့် ပြင်ဦးလွင်က နှစ်နေရာဖြစ်ပြီးတော့ မြင်းခြံက တစ်နေရာဖြစ်သွားတယ်။ ဒါလေးပဲ ကွဲလွဲမှုလေးရှိပါတယ်။တိုင်းလွှတ်တော်ရော ပြည်ထောင်စုလွှတ်တော်ရောဆို ၅၆ ခုပါ" လို့ ပြောပါတယ်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အနေနဲ့ မန္တလေး၊ ပြင်ဦးလွင်၊ မိတ္ထီလာတို့က မဲဆန္ဒနယ် နှစ်နေရာစီရှိပြီး ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ ရမည်းသင်း၊ ပြည်ထောင်စုနယ်မြေအတွင်းမှာပါတဲ့ ဒက္ခိဏနဲ့ ဥတ္တရသီရိ ခရိုင်တွေက မဲဆန္ဒနယ် တစ်နေရာစီရတာလည်း ဖြစ်ပါတယ်။ မန္တလေးတိုင်းအတွင်း မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိကာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၂၈ နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေ ၅၆ နေရာ ရှိတာလည်း ဖြစ်ပါတယ်။ မန္တလေးတိုင်းမှာ ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်မြေ တစ်နေရာရှိတာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလအတွင်း ကိုဗစ်ကပ်ရောဂါ မပြီးဆုံးသေးပါက ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းကာ ရွေးကောက်ပွဲကို ဖြစ်အောင်ကျင်းပမယ်လို့လည်း ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။ "ကျနော်တို့ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြီး အောင်မြင်အောင်တော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမှာ၊ အဲ့ချိန်မှာ ကိုဗစ်ရောဂါ မကင်းစင်သေးဘူးဆိုလို့ရှိရင်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကူအညီရရှိဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနကို အကူအညီတောင်းထားပါတယ်ခင်ဗျ။ အဲ့ဒါတော့ ကျနော်တို့ ကော်မရှင်က လုပ်ရမယ့် လုပ်ငန်းစဉ် မဟုတ်တော့ mask ပေးမလား၊ လက်ဆေးဘူး ဒီလို စတဲ့ဟာတွေကတော့ ကျနော်တို့ အကူအညီတောင်းဆိုထားတာပဲ ရှိပါတယ်။ သူတို့ဆီက တုံ့ပြန့်လာတာတွေတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အခုလည်း ပြည်တွင်းကူးစက်မှုက မရှိသလောက်ပါ၊ ပြည်ပပြန်တွေကပဲ များတော့ စိုးရိမ်စရာတွေလည်း မဖြစ်ပါဘူး၊ ကျနော်တို့ကတော့ ရွေးကောက်ပွဲရက်မှာ အောင်မြင်အောင် ဆောင်ရွက်သွားမှာပါ။"  ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တွေကိုလည်း ဇူလိုင်လ ၂၀ ရက်နေ့ကနေ ဩဂုတ် ၇ ရက်နေ့အတွင်း တင်သွင်းကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။  မဲဆန္ဒရှင် အမည်စာရင်းတွေ ကြေညာပြီးတာနဲ့ မဲရုံမှူးတွေနဲ့ ဒုမဲရုံမှူးတွေကို သင်တန်းပေးတာ၊ ပြည်သူလူထုကို အသိပညာပေးတဲ့ လုပ်ငန်းစဉ်တွေကို အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး မဲရုံမှူးတာဝန်တွေကိုတော့ ပညာရေးဝန်ထမ်းတွေကိုပဲ တာဝန်ပေးမယ်လို့ သိရပါတယ်။ မေလကုန်အထိ ကောက်ယူထားတဲ့စာရင်းတွေအရ မန္တလေးတိုင်းအတွင်း မဲပေးပိုင်ခွင့်ရှိသူ အမျိုးသား ၂,၀၈၅,၅၃၉ ဦး၊ အမျိုးသမီး ၂,၄၅၀,၆၅၄ဦး၊ စုစုပေါင်း ၄,၅၃၆,၁၉၃ ဦးနဲ့ မဲရုံပေါင်း ၅၄၄၂ ရုံ၊ အဲ့ဒီအထဲမှာ မသန်စွမ်း မဲဆန္ဒရှင် ၉၁၅၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
11 months Ago

July 1, 2020

ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များပြောင်းလဲ၊ တိုင်းရင်းသားပါတီများနစ်နာနိုင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၉ ရက်နေ့မှာထုတ်ပြန်တဲ့ မဲဆန္ဒနယ်မြေ စာရင်းမှာ ကယားပြည်နယ်မှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်စဉ်တွေကို ပြောင်းလဲထားသလို ကျေးရွာအုပ်စု တချို့ကိုလည်း မဲဆန္ဒနယ်ပြောင်းလဲလိုက်တာကို တွေ့ရပါတယ်။ ကယားပြည်နယ်မှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာရှိပြီး အဲဒီမဲဆန္ဒနယ်တွေကို အရင် ၂၀၁၅ အတိုင်း မသတ်မှတ်တော့ဘဲ ပြောင်းထားသလို ကျေးရွာအုပ်စုတချို့ကိုလည်း မဲဆန္ဒနယ် ပြောင်းထားတာကိုတွေ့ရတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထင်အောင်က ပြောပါတယ်။ “ကျနော်တို့ကယားပြည်နယ်မျိုးသားလွှတ်တော်အနေနဲ့ ၁၂နေရာပေါ့နော်။ ၂၀၁၅ တုန်းက လွို်ငကော်ကနေ စရေခဲ့တယ်။ လွို်ငကော်ကို ၁ နဲ့ ၂ ဆိုပြီးမှ ပိုင်းခြားခဲ့တယ်။ ရှားတောက အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၇ ဖြစ်ပြီးတော့ ဘောလခဲက ၈ ကနေပြန်စပြီးတော့ မယ်စဲသည် ၁၂ နဲ့ဆုံးပါတယ်။ အခုကျတော့ ဖားဆောင်းမြို့နယ်ကစပြီးတော့ ဖားဆောင်းမှာ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၁ နဲ့ ၂ ဆိုပြီးတော့ မယ်စဲမြို့နယ်သည် ၅ ဖြစ်ပြီးတော့ ရှားတော တမြို့နယ်လုံးကလည်း ၂၀၁၅ တုန်းက မဲဆန္ဒနယ် ၇ ကနေ အခု ၁၀ ဖြစ်သွားတယ်။ လွိုင်ကော်သည် ၁ နဲ့ ၂ ကနေ အခု အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁ နဲ့ ၁၂ ဖြစ်သွားတယ်ပေါ့။ အဲဆိုတော့ ကျနော်တို့ ၇ မြို့ပဲ ရှိတာကို ၁၂ နေရာရတဲ့အတွက်ကြောင့်မို့လို့ လူဦးရေအနည်းဆုံးဖြစ်တဲ့ မယ်စဲနဲ့ရှားတောကို တမြို့နယ်လုံး မဲဆန္ဒနယ်တခုစီပေးပြီးတော့ ကျန်တဲ့ မြို့နယ်တွေက အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ ခုစီရှိရတဲ့အတိုင်းကတော့ ပြောင်းလဲဘူး။ ဒါပေမဲ့ နံပါတ်တွေ ပြောင်းလဲသွားတယ်။ အဲဒီနံပါတ်တွေ ပြောင်းလဲရခြင်းနောက်ကွယ်မှာ ပါဝင်နဲ့ရပ်ကျေးအုပ်စုတွေကြည့်လိုက်တဲ့နေရာမှာ ကျေးရွာအုပ်စုအချို့ကို နဂိုမူလမဲဆန္ဒနယ်ကနေ နောက်ထပ်မဲဆန္ဒနယ်တခုကို ပြောင်းလဲသွားတယ်။ အသိသာဆုံးကတော့ လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာအုပ်စုက နဂိုမဲဆန္ဒနယ် ၂ ထဲမှာပါတဲ့ အချိန်မှာ အခု ၁၂ ထဲမှာမရှိတော့ဘဲနဲ့ ၁၁ ထဲရောက်သွားတယ်ပေါ့။ ဒီးမော့ဆိုမြို့နယ် အရင်က ၃ ၊၄ ဖြစ်တယ်။ အခု ၆ နဲ့  ၇ ဖြစ်သွားတယ်။” ဒီလို မဲဆန္ဒနယ်အမှတ်အစဉ် အပြောင်းအလဲလုပ်လိုက်တာဟာ တိုင်းရင်းသားပါတီအတွက် သက်ရောက်မှုမရှိပေမယ့် ကျေးရွာအုပ်စုတချို့ကို မဲဆန္ဒယ်ပြောင်းလဲလိုက်တာဟာ တိုင်းရင်းသားပါ တီအတွက် နစ်နာဆုံးရှုံးမှုတွေ ရှိစေနိုင်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသဲရယ်က ပြောပါတယ်။ “ကျနော်တို့အနေနဲ့က မဲဆန္ဒနယ်ရဲ့အမှတ်စဉ်ကို ပြောင်းတယ်ဆိုတာကတော့ သိပ်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ မဲဆန္ဒနယ်တခုကနေ တခုမှာ ကျေးရွာအုပ်စုတွေကို ပြောင်းလိုက်တဲ့ ကိစ္စတွေကတော့ တချို့နေရာတွေက နည်းနည်းလေး အခက်အခဲဖြစ်လာနိုင်တယ်။ ဘာလို့လဲ ဆိုလို့ ရှိရင် ကျနော်တို့က လူမျိုးစုအလိုက် စုစည်းပြီတော့ ညီညွှတ်နေတဲ့ အခြေအနေ တခုက မဲကွဲအောင် တမင်ကြ့ရွယ်ပြီးတော့မှ ပြောင်းလိုက်တယ်လို့ပဲ ကျနော်တို့ နားလည်တာပေါ့။ ကျနော်တို့ တိုင်းရင်းသားပါတီဆိုတာက အဓိက တိုင်းရင်းသားလူမျိုးစုတွေကို အခြေခံထားတဲ့ ပါတီဖြစ်တယ်။ မဲဆိုရင်လည်းသူတို့အပေါ်မှာပဲ အခြေခံထားတယ်ဆိုတောလေ။ တချို့ဟာတွေ တစုတစည်းထဲ ရှိနေတဲ့ မဲဆန္ဒနယ်က တိုင်းရင်းသားလူမျိုးစုတခုကိုသွားပြီးတော့မှ နေရာပြောင်းရွေ့လိုက်တဲ့ အခါမှာ အနည်းနဲ့အများတော့ ရှိတာပေါ့လေ။ ဆိုတော့ ကျနော်တို့တိုင်းရင်းသားပါတီတွေက ပြန်ပြီး တော့မှ တည်ဆောက်ရမယ့်အခြေအနေမျိုးမှာ ရှိနေတယ်။” ဒီလိုမဲဆန္ဒနယ်အပြောင်းအလဲလုပ်လိုက်တာနဲ့ပတ်သက်ပြီး ဒါဟာ မေးခွန်းထုတ်စရာတွေ အများကြီးရှိနေတယ်လို့ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။ “မနေ့က ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ မဲဆန္ဒနယ်တွေ ကြေညာလိုက်တယ်ပေါ့ နော်။ အဲဒီအပေါ်မှာ သဘောမတွေ့တဲ့အကြောင်းအရင်း ၃ ချက်တော့ရှိတာပေါ့နော်။ နံပတ် ၁ အချက်က မဲဆန္ဒနယ်အပြောင်းအလဲတချို့ပါလာတယ်။ အဲဒီမှာ အပြောင်းအလဲကို ဘယ်လို လုပ်လိုက်လဲပေါ့။ လူဦးရေအပေါ်မှာမူတည်တာလား၊ ဒါမှမဟုတ်ရင် လူမျိုးတွေအပေါ်မှာ မူတည်ပြီး လုပ်လိုက်တာလားဆိုတာ ကျနော်တို့မသိရဘူး။ အဲဒါက အရေးကြီးတဲ့အချက်တချက်ဖြစ်တယ်။ နောက်တခုက မဲစာရင်းကိုကြေညာတဲ့အချိန်မျိုးမှာ တပြိုင်နက်ထဲ မဲဆန္ဒနယ်နဲ့ မဲစာရင်း တပြိုင်နက် ဖြစ်သင့်တယ်ပေါ့နော်။ အဲဒါဖြစ်သင့်ရဲသားနဲ့ မဖြစ်လာဘူး။ ဒီအခြေအနေမျိုးမှာ အပြောင်းအလဲ တချို့လုပ်လိုက်တဲ့ဟာတွေက မေးခွန်းထုတ်စရာအများကြီးဖြစ်တယ်ပေါ့နော်။ ဥပမာ ကျနော်တို့က တိုင်းရင်းသားလူမျိုးအလိုက် မဲအရွေ့အပြောင်းတွေဖြစ်သွားတဲ့အတွက် ကျနော်တို့ အတွက်အခက်အခဲတွေ အများကြီးရှိတယ်။” ဒီလိုမဲဆန္ဒနယ်အမှတ်စဉ်ပြောင်းလဲပြီး ကျေးရွာအုပ်စုလိုက် မဲဆန္ဒနယ်ပြောင်းသွားတဲ့အပြင် ကယားပြည်နယ်မှာ ကျေးရွာကနေ မြို့အဆင့်တိုးမြင့်ထားတဲ့နေရာတွေရှိပြီး အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းက တရားဝင်ထုတ်ပြန်ထားခြင်းမရှိဘဲ  ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတွေ ရှိနေတယ်လို့လည်း ဦးကျော်ထင်အောင်က ပြောပါတယ်။ “ဒါကိုအထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ သူတို့ သတ်မှတ်ချင်တဲ့ ပုံစံနဲ့ သတ်မှတ်လိုက်တယ်လို့ပဲ ကျနော်တို့အနေနဲ့ ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့လွိုင်ကော်မြို့နယ်ထဲမှာကိုပဲ လွိုင်လင်လေးမြို့ဆိုတာ ဒီအစိုးရလက်ထဲမှာမှ သတ်မှတ်ပေးလိုက်တယ်။ နောက်ထပ်ဒီလွို်ငကော်မြို့နယ်ထဲမှာပဲ လောပိတမြို့ကို သတ်မှတ်ပေးဖို့ ကြိုးစားနေတယ်ဆိုတာပဲသိပြီးတော့ အရင်တုန်းကတော့ ပြည်ထဲရေးအမည်ပေါက် ထုတ်ပြန် ကြေညာရမယ်ပေါ့။ အခုဆိုရင်တော့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝန်ကြီးဌာနရဲ့အောက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ တရားဝင်ထုတ်ပြန်ချက်တွေကို ကျနော်တို့မတွေ့ရသေးဘဲနဲ့ ဒီဇွန်လ နောက်ဆုံးပတ်ထဲမှာတင်ကို ကယားပြည်နယ်အစိုးရအဖွဲက လောပိတကျေးရွာအုပ်စုနဲ့သက်ဆိုင်တဲ့ စကားလုံးတွေကိုပဲသုံးထားပြီးတော့မှ အခုလို ပြည်ထောင်စုကော်မရှင်က ထုတ်ပြန်တဲ့အထဲမှာ လောပိတကိုမြို့အဖြစ်သတ်မှတ်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေ ဆိုတဲ့ပုံစံတွေနဲ့ ထုတ်ပြန်လာတာ ဟာ လက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်မှုထက်စောနေသလားလို့ ကျနော်တို့ သံသယရှိပါတယ်။ ” ကယားပြည်နယ်တစ်ခုလုံးမှာ  လွှတ်တော် မဲဆန္ဒနယ် အားလုံးပေါင်း ၃၄ နေရာရှိပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အသက် ၁၈  နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ၁၇၈၃၁၆ ရှိခဲ့ပါတယ်။
11 months Ago
Up