အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ရန် အကြံပြုတိုက်တွန်း

January 15, 2020

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်သစ်များဖြင့် ပြင်ဆင်ဖွဲ့စည်း

အရင်အစိုးရလက်ထက်က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို သမ္မတက ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဖျက်သိမ်းလိုက်ပြီး ကော်မရှင်ကို အဖွဲ့ဝင်သစ်တွေနဲ့ အစားထိုး ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်၊၊ ကော်မရှင်သစ်ရဲ့ ဥက္ကဋ္ဌအဖြစ် အာဆီယံအစိုးရချင်းလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာ ကိုယ်စားလှယ် ဦးလှမြင့် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးနဲ့ဖွဲ့စည်းလိုက်တဲ့အကြောင်း   နိုင်ငံတော်သမ္မတရုံးက ကြေညာထားပါတယ်။ ကော်မရှင်ရဲ့ဒု ဥက္ကဋ္ဌအဖြစ် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန  အမြဲတမ်း အတွင်းဝန်ဟောင်း ဒေါက်တာနန္ဒမွှန်းကို တာဝန်ပေးထားပါတယ်။ ကော်မရှင် အဖွဲ့ဝင်တွေထဲမှာတော့ အထူးစုံစမ်းစစ်ဆေးရေးဌာနနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) က  အရာရှိဟောင်းတွေပါဝင်သလို ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စာရင်းစစ်ချုပ်ရုံးက အရာရှိဟောင်း တွေအပြင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခနဲ့ ဆေးသိပ္ပံဌာနက ညွှန်ချုပ်ဟောင်း တို့လည်း ပါဝင်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေကို ရွေးချယ်ခန့်ထားရာမှာ အစိုးရဝန်ထမ်းဟောင်း တွေသာ အများဆုံးပါဝင်နေပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အတွေ့အကြုံရှိတဲ့ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားတွေ ပါဝင်ခြင်းမရှိဘူးလို့ ဝေဖန်ချက်တွေ ထွက်ပေါ်နေပါတယ်။ အရင်က အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဥက္ကဋ္ဌ ဦးဝင်းမြ ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ဝင်ထဲမှာ အမျိုးသမီး ၁ ဦးသာပါဝင်ခဲ့ပါတယ်။  အခုအသစ်ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်သစ်မှာတော့ အမျိုးသမီး ၃ ဦးပါဝင်ပါတယ်။ 
3 years Ago

November 20, 2019

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ရန် အကြံပြုတိုက်တွန်း

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပိုမိုလွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်ဖို့  လက်ရှိအစိုးရနဲ့ လွှတ်တော်အနေနဲ့ ဥပဒေတွေ ပြင်ဆင်ပေးသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့ (International Commission of Jurists -ICJ) က တိုက်တွန်းအကြံပြုလိုက်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ဟာ လက်ရှိမှာ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဥပဒေအရ ရပ်တည်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကော်မရှင်ကို ဒီလို ဥပဒေမျိုးနဲ့ ရပ်တည်စေတာဟာ အစိုးရအပြောင်းအလဲတွေမှာ အချိန်မရွေး ပြင်ဆင်ပစ်လိုက်နိုင်တာကြောင့် အခြေခံဥပဒေမှာလည်း ထည့်သွင်းရေးဆွဲသင့်တယ်လို့ ICJ က ဆိုပါတယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ လုပ်ဆောင်နေတဲ့ ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဟာလည်း လူ့အခွင့်အရေးကော်မရှင်ကို ဘဏ္ဍာရေးနဲ့ ဖွဲ့စည်းမှုအရ သီးခြားလွတ်လပ်စေဖို့ ပြင်ဆင်ချက်တွေ ထည့်သွင်းသင့်တယ်လို့ အကြံပြုထားပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့လည်း တည်ဆဲဥပဒေတွေနဲ့ နည်းဥပဒေတွေဟာ မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ထိုးထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်တွေနဲ့ ညီ၊ မညီကို ပြန်သုံးသပ်ဖို့ တိုက်တွန်းထားပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဖွဲ့အစည်းများ နိုင်ငံတကာမဟာမိတ်အဖွဲ့(GANHRI)  ရဲ့ အဆင့် သတ်မှတ်ချက်မှာ မြန်မာလူ့အခွင့်အရေးကော်မရှင်ဟာ ပါရီအခြေခံမူတွေကို တစိတ်တပိုင်းပဲ လိုက်နာတာကြောင့် ခ အဆင့် သာ သတ်မှတ်ခံထားရပါတယ်။ အရှေ့တောင်အာရှမှာ လူ့အခွင့်အရေးကော်မရှင်ရှိတဲ့ နိုင်ငံ ၆ နိုင်ငံရှိပြီး GANHRI  ရဲ့ သတ်မှတ်ချက်အရ မြန်မာနဲ့ ထိုင်း ၂ နိုင်ငံပဲ (ခ) အဆင့်ရှိနေပြီး ကျန်တဲ့ ၄ နိုင်ငံကတော့ (က) အဆင့်မှာရှိနေပါတယ်။ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့ရဲ့ အကြံပြုချက်တွေထဲမှာ တရားရုံးတွေကိုရောက်နေတဲ့ အမှုတွေကို မစုံစမ်းဖို့ ဥပဒေအရ ကန့်သတ်ထားတာက ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့ အတားအဆီးဖြစ်စေတယ်လို့ ဆိုပါတယ်။ အရေးပါတဲ့ လူ့အခွင့်အရေးအမှုအများအပြားဟာ တရားရုံးတွေကို တနည်းမဟုတ်တည်းနဲ့ ရောက်ခဲ့ ပြီးပြီလို့ မြန်မာ့တရားစီရင်ရေးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကတည်းက လေ့လာနေခဲ့တဲ့ ICJ က ဆိုပါတယ်။ အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာကို ထင်ရှားတဲ့ ဥပမာတခုအဖြစ် ICJ က ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က လူတွေ အစုအပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာကို စတင်ဖော်ထုတ်ခဲ့တဲ့ ရိုက်တာ သတင်းထောက် ၂ ယောက် ကိစ္စမှာလည်း လူ့အခွင့်အရေးကော်မရှင်ဟာ သူတို့ ၂ ယောက်ရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တွန့်ဆုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကော်မရှင်ရဲ့ ဆင့်ခေါ်စာကို မလိုက်နာတဲ့သူတွေကို ဘယ်လို ကိုင်တွယ်အရေးယူ မလဲ ဆိုတာမျိုးကို ထည့်သွင်းမထားတာကြောင့် ဒါကိုလည်း ဖြည့်သင့်တယ်လို့ ဆိုပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေ ရွေးချယ်ခန့်အပ်တာ၊ ဘဏ္ဍာရေးစတဲ့ စာမျက်နှာ ၂၀ ကျော်တဲ့ အကြံပြုတိုက်တွန်းချက်ကို ဒီလ ဒုတိယပတ်ထဲမှာ ဖြန့်ဝေလိုက်တာဖြစ်ပါတယ်။ ICJ ဟာ ဒီအကြံပြုချက်တွေကို အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ပြည်သူ့ လွှတ်တော်  ဒုဥက္ကဋ္ဌဆီကိုလည်း ပေးပို့ထားပါတယ်။ ICJ ကို ၁၉၅၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာ လှုပ်ရှား လုပ်ကိုင်နေသလို မြန်မာနိုင်ငံမှာတော့ ၂၀၁၄ ခုနှစ်ကစတင် ဝင်ရောက်လုပ်ကိုင်ခဲ့တာပါ။
3 years Ago
Up