အမျိုးသားဘောလုံးပြိုင်ပွဲ

December 5, 2019

ဆီးဂိမ်း ဆီမီးဖိုင်နယ်တွင် မြန်မာနှင့်အင်ဒိုနီးရှား တွေ့ဆုံ

အရှေ့တောင်အာရှဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာယူ ၂၂ အသင်းဟာ အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ တဖက် အုပ်စု (ခ) နောက်ဆုံးပွဲစဉ်တွေကို ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် ဗီယက်နမ်က အုပ်စု ပထမရပြီး အင်ဒိုနီးရှားက အုပ်စု ဒုတိယရခဲ့ပါတယ်။ ထိုင်းအသင်းကတော့ တတိယ ရရှိခဲ့တာကြောင့် အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ အုပ်စု (က) ပထမ မြန်မာအသင်းနဲ့ အုပ်စု (ခ) ဒုတိယ အင်ဒိုနီးရှားအသင်းတို့ရဲ့ ဆီမီးဖိုင်ပွဲစဉ်ကို လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ  ဖိလစ်ပိုင်နိုင်ငံ Rizal Memorial ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ တခြား ဆီးမီးဖိုင်နယ်ပွဲစဉ်မှာတော့ အုပ်စု (ခ) ပထမ ဗီယက်နမ်နဲ့ အုပ်စု (က) ဒုတိယ ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကိုတော့ လာမယ် ဒီဇင်ဘာ ၁၀ ရက်နေ့ ယှဉ်ပြိုင်ကစားကြမယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့ အင်ဒိုနီးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကစားဖို့ မြန်မာ့လက်ရွေးစင်ယူ-၂၂ အသင်းဟာ လေ့ကျင့်ခန်းအစီအစဉ်တွေ နေ့စဉ်ကြိုးစား ပြုလုပ်နေတယ်လို့ ဘောလုံးအဖွဲ့ချု်ပက ထုတ်ပြန်ထားပါတယ်။
2 years Ago

November 27, 2019

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာက အိမ်ရှင်ဖိလစ်ပိုင်ကို (၂-၁) ဂိုးဖြင့် အနိုင်ရ 

ဖိလစ်ပိုင် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာ ယူ-၂၂ အသင်းနဲ့ အိမ်ရှင် ဖိလစ်ပိုင် ယူ- ၂၂ အသင်းတို့ ဒီကနေ့မွန်းလွဲပိုင်းက  ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက ၂ -၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းဘက်ကို ပွဲစကတည်းက ကစားကွက်အသာနဲ့ ပုံမှန် တိုက်စစ်ဆင်ကစားခဲ့ပြီး ပထမပိုင်းပွဲချိန် ၁၇ မိနစ်မှာ အောင်ကောင်းမာန်ရဲ့ သွင်းဂိုးနဲ့ မြန်မာအသင်း အဖွင့်ဦးဆောင်ဂိုး အရင်ရသွားပါတယ်။ အပြန်အလှန် တိုက်စစ်ဆင်ကစားကြရာမှာ ပထမပိုင်းပြီးခါနီး ၄၅ မိနစ်အချိန်မှာ မြန်မာနောက်တန်းလူတွေ လူကပ်မထားဘဲ လွတ်နေတဲ့ ဖိလစ်ပိုင် ရှေ့တန်းတိုက်စစ်မှူး ဂျက်စတင်က  အနီးကတ် အပိုင်ကန်သွင်းပြီး ချေပဂိုး ရရှိသွားပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး အပြန်အလှန် ကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ဂိုးမရရှိခဲ့ဘဲ ပွဲချိန် ၇၈ မိနစ်မှာတော့ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ရှေ့တန်းတိုက်စစ်မှူး ဝင်းနိုင်ထွန်းက အပိုင်ကန်သွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ မြန်မာအသင်းက ဖိလစ်ပိုင်ကို  ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။  မြန်မာအသင်းဟာ ပြီးခဲ့တဲ့ မလေးရှားနဲ့ ပွဲစဉ်မှာ ၁ ဂိုးစီသရေကျ ရမှတ် ၁ မှတ်ရထားပြီး ဒီပွဲအပြီးမှာ ၃ မှတ်ရရှိထားလို့ စုစုပေါင်း  ရမှတ် ၄ မှတ် ရရှိနေပါတယ်။ အုပ်စု (က)မှာ မြန်မာအသင်းဟာ မလေးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမောနဲ့ ကမ္ဘောဒီးယား အသင်းတွေနဲ့ တအုပ်စုတည်း ကျနေတာဖြစ်ပြီး အုပ်စု လက်ကျန်ပွဲစဉ်တွေအဖြစ် နိုဝင်ဘာ ၂၉ ရက်မှာ အရှေ့တီမောအသင်း ဒီဇင်ဘာ ၂ ရက်နေ့မှာ   ကမ္ဘောဒီးယားတွေနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ- MFF
2 years Ago
Up