အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ

August 6, 2020

ကယားပြည်နယ်တွင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ၁၉ နေရာ ဝင်ပြိုင်မည်

လာမယ့်ရွေးကောက်ပွဲမှာ အမျိူးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) က ကယားပြည်နယ်တွင်း  ကိုယ်စားလှယ်လောင်း ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီရဲ့ ကယားပြည်နယ်ဥက္ကဋ္ဌ  ဦးမန်းအောင်က ပြောပါတယ်။ “ကယားပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျနော်တို့ ၄ မြို့နယ်အစီစဉ်ရှိပါတယ်။ စာရင်းတင်သွင်းပြီးအနေအထားနဲ့ နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၉ ဦးရှိပါတယ်။ နယ်အလိုက်ပြောမယ်ဆိုရင်တော့ လွိုင်ကော်မြို့နယ်မှာ ၅ နေရာ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နဲ့ဆိုရင် ၆ နေရာဖြစ်မှာပေါ့။  ဒီးမော့ဆိုမြို့နယ်မှာ ၃ နေရာနဲ့ ဗမာတိုင်းရင်းသာအပါဝင် ၄ နေရာဖြစ်ပါမယ်။ ဘောလခဲမြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ် ၅ နေရာအပြည့်ဖြစ်ပါမယ်။ ဖားဆောင်းမြို့နယ်မှာ လွှတ်တော် ကိုယ်စားလှဉ် ၅ နေရာနဲ့ဗမာတိုင်းရင်းပါအဝင် ၆ ဦးဖြစ်ပါတယ်။ အားလုံး ၁၉ နေရာ ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ပါတယ်။” ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ တိုင်းရင်းသားမျိုးစုံပါဝင်သလို  ဒေသခံတွေဖြစ်ပြီး အမျိုးသမီးနဲ့လူငယ်တွေကို ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ “အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ကယားပြည်နယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ တွေဟာ အကုန်လုံး ဒေသခံတွေပဲဖြစ်ပါတယ်။ ဒေသမှာ အခြေစိုက်နေတဲ့သူတွေ ဒီဒေသမှာပဲ မွေးဖွားတဲ့သူတွေ၊ ကျနော်တို့ဆိုရင် ဝန်ထမ်းအငြိမ်းစားတွေဖြစ်တဲ့အတွက် ပြောရမယ်ဆိုရင် ကယားပြည်နယ်မှာ ၁၉၈၂ ခုလောက်ကတည်းက ရောက်ရှိခဲ့တဲ့သူတွေဖြစ်ပါတယ်။ အများစုကတော့ ကယားပြည်နယ်မှာ မွေးဖွားတဲ့သူ အများစုပါဝင်ပါတယ်။” အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဟာ  ၂၀၁၉ ခုမေလက ပါတီတီထောင်ခွင့်ရရှိခဲ့တာ ဖြစ်ပြီး  ကယားပြည်နယ်မှာတော့ ၂၀၂၀ခု မတ်လကမှ စတင်ဖွဲ့စည်းနိုင်ခဲ့တာပါ။ “ရွေးကောက်ပွဲ ကတိကဝတ်ကတော့ ကျနော်တို့က အပြောနဲ့ဆောင်ရွက်တာ မဟုတ်ဘဲနဲ့ လက်တွေ့ဆောင်ရွက်မယ့် ပါတီဖြစ်ပါတယ်။ ကျနော်တို့ ကိုယ်မလုပ်နိုင်၊ မဖြစ်နိုင်တဲ့ ကတိကဝတ်တွေကို မပေးပါဘူး။ ဗဟိုကနေချမှတ်ပေးတဲ့ အမျိုးသားစီးပွားရေးပထမ၊ အမျိုးသား ပညာရေးသည်အဓိက၊ အမျိုးသားစည်းလုံးညီညွတ်ရေးသည် ပဓာန၊ အမျိုးသားနိုင်ငံရေးသည် ထာဝရ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုတဲ့ ချမှတ်ပေးထားတဲ့မူဝါဒတွေကို ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးမန်းအောင်က ပြောပါတယ်။ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါဟာ တပ်မတော်က အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တည်ထောင်ထားတဲ့ ပါတီဖြစ်ပြီး ပါတီဥက္ကဋ္ဌအဖြစ်  ဗိုလ်ချုပ်ဟောင်း သရေစည်သူဦးစိုးမောင် နဲ့ ဒုဥက္ကဋ္ဌ ဦးစိုးဝင်းဖြစ်ပါတယ်။ တပ်မတော်သား အငြိမ်းစားဗိုလ်ချုပ်ဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေထဲမှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီဟောင်း ဦးသန်းရွှေ ဦးဆောင်တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ "ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ" နဲ့ အခုအငြိမ်းစား ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တည် ထောင်ထားတဲ့ "အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ" တို့ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်လာ ကြမှာဖြစ်ပါတယ်။
1 year Ago
Up