လစ်ဗျားအမျိုးသားတပ်မတော် (LNA) ဟာ နိုင်ငံအုပ်ချုပ်ခွင့်အာဏာကို တရားဝင် လက်ခံမယ်လို့ ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာက ဧပြီ ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်ကြီးဟက်ဖ်တာရဲ့ ပြောဆိုချက်ဟာ လစ်ဗျားအရှေ့ပိုင်းကို အုပ်ချုပ်နေတဲ့ အရပ်သား အာဏာပိုင်တွေကို ဘေးဖယ်လိုက်တဲ့ သဘောသက်ရောက်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
မြို့တော်ထရီပိုလီနဲ့ တခြားအနောက်မြောက်ပိုင်းဒေသတွေကိုသိမ်းယူဖို့ လွန်ခဲ့တဲ့တနှစ်က ထိုးစစ်ဆင်ခဲ့တဲ့ ဟက်ဖ်တာက လစ်ဗျားအရှေ့ပိုင်း စင်ပြိုင်အစိုးရကို ထိန်းချုပ်မယ်လို့ အတော်များများက နားလည်ထားပါတယ်။
ဧပြီလ ၂၇ ရက် ရုပ်သံမိန့်ခွန်းမှာ ဗိုလ်ချုပ်ကြိး ဟက်ဖ်တာက ဘယ်လိုအာဏာ ဖွဲ့စည်းပုံမျိုးကို ကျင့်သုံးမလဲဆိုတာ အသေးစိတ် မပြောသလို နိုင်ငံရေး အကျိုးဆက်တွေကလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။
၂၀၁၄ ခုနှစ်က လစ်ဗျားဟာ နိုင်ငံတကာအသိမှတ်ပြု GNA အစိုးရ ထိန်းချုပ်ရာ မြို့တော်ထရီပိုလီနဲ့ အရှေ့မြောက်ပိုင်းနယ်မြေတွေနဲ့ နိုင်ငံအရှေ့ပိုင်း ဘင်ဂါဇီမြို့အခြေစိုက် (LNA) တပ်တွေ ထိန်းချုပ်ရာနယ်မြေဆိုပြီး နှစ်ခြမ်းကွဲခဲ့ပါတယ်။
LNA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟက်ဖ်တာကို ယူအေအီး၊ အီဂျစ်နဲ့ ရုရှားနိုင်ငံတို့က ထောက်ခံပြီး GNA အစိုးရကိုတော့ တူရကီက ထောက်ခံတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
10 months Ago