အမျိုးသားညီညွတ်ရေးအစိုးရ

October 6, 2022

“နွေဦးရန်ကုန်ပရောဂျက်မြေကွက်များ” ရာနှုန်းပြည့်နီးပါး ရောင်းချထားရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံဆောင်ရွက်နေတဲ့ အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အစီအစဉ် Spring Yangon Investment ပရောဂျက်ကနေ မြေကွက်တွေ ရောင်းချနေရာမှာ ရာခိုင်နှုန်းပြည့်နီးပါး ရောင်းချထားရတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီပရောဂျက်မှာတော့ နွေဦးမော်ကွန်းသစ်စီမံကိန်း-သံသုမာရဲ့ မြေကွက်တွေအားလုံးဟာ အချိန် ၂ ရက်မပြည့်ခင်မှာ ရောင်းကုန်သွားခဲ့ပြီး လက်ရှိမှာတော့ နွေဦးရိပ်မွန်-မင်းဓမ္မ မြေကွက်တွေဟာလည်း အကွက် ၁၀၀ ဖော်ဆောင်ရာမှာ ၉၃ ရာခိုင်နှုန်းထိ ရောင်းချအောင်မြင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရဟာ အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အစီအစဉ်ရဲ့ နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာတို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကမှ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် အရေးကြီးတဲ့ တော်လှန်ရေးရန်ပုံငွေတွေ ရရှိနိုင်ဖို့ အများပြည်သူကို ရောင်းချပေးမယ့် ဒီစီမံကိန်းတွေအတွက် ဝယ်ယူသူတွေအနေနဲ့ မြေပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပြီး ကာလပေါက်စျေးရဲ့ ၃ ပုံ ၁ ပုံလောက် တန်ဖိုးနဲ့သာ ရောင်းချပေးသွားမှာ ဖြစ်တဲ့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေးကာလအတွင်းနဲ့ တော်လှန်ရေးကာလအပြီး ၂ ပိုင်းခွဲ ပေးသွင်းရမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအပြီး စီမံကိန်းစတင်တဲ့ အချိန်မှာတော့ လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ကလေးကစားကွင်း၊ ပန်းခြံနဲ့ စည်ပင်သာယာ ဝန်ဆောင်မှုတွေကို တည်ဆောက်ပေးသွားမှာ ဖြစ်ပြီး အိမ်ကိုတော့ ဝယ်ယူသူကနေ ဆောက်လုပ်ရေးစံနှုန်းတွေနဲ့အညီ စိတ်ကြိုက် ဆောက်ယူရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

နွေဦးရိပ်မွန် စီမံကိန်းကတော့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် တော်ဝင်လမ်းနဲ့ မင်းဓမ္မလမ်းဆုံမှာ တည်ရှိမှာဖြစ်ပြီး မျက်နှာချင်းဆိုင်မှာ ဝိတိုရိယဆေးရုံနဲ့ တခြား စည်ကားတိုးတက်နေတဲ့ စီးပွားရေး အချက်အချာနေရာတွေနဲ့ လူနေရပ်ကွက်တွေ တည်ရှိပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကားနဲ့ ၇ မိနစ်လောက်သာ ကွာ‌ဝေးမှာ ဖြစ်ပါတယ်။

နွေဦးမော်ကွန်းသစ် စီမံကိန်းကိုတော့ မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်းမပေါ် (ပါရမီလမ်းအကျော်) လက်ရှိ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းနေရာမှာ ဖော်ဆောင်မှာဖြစ်ကာ ဧက ၂၂၀ လောက် ကျယ်ဝန်းပြီး ငမိုးရိပ်ချောင်းဘေးမှာ တည်ရှိပါတယ်။

မြေကွက်ဈေးနှုန်းတွေအနေနဲ့ နွေဦးရိပ်မွန်-မင်းဓမ္ဓမှာ ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ သတ်မှတ်ထားပြီး နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာမှာတော့ ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၆၄,၀၀၀၊ ပေ ၄၀ x ပေ ၆၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၃၂,၀၀၀ စီ အသီးသီးသတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။

ဝယ်ယူလိုတဲ့ ပြည်သူတွေအနေနဲ့ တဦးချင်းဝယ်ယူလိုတဲ့ အရေအတွက် အကန့်အသတ်မရှိဘဲ စုပေါင်းပြီးတော့လည်း ဝယ်ယူနိုင်မှာဖြစ်ကာ သတ်မှတ်စျေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းကိုသာ တော်လှန်ရေးကာလတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ တော်လှန်ရေး အောင်မြင်ပြီးနောက် စီမံကိန်းတွေ စတင်အကောင်အထည်ဖော်တဲ့ အချိန်မှသာ ပေးသွင်းရမှာဖြစ်ပြီးတော့ တော်လှန်ရေးကာလတွင်း ပေးသွင်းရမယ့်ငွေကိုလည်း ၃ လအတွင်း အရစ်ကျ ခွဲသွင်းနိုင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ EOD ကိုယ်စားလှယ်တွေကတဆင့် ဝယ်ယူနိုင်မယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားမှာဖြစ်ကာ ဒီမတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း လတ်တလော ရောင်းချနေပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီ ခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

2 months Ago

September 10, 2022

အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာပြည်ကို အုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား

မြန်မာတို့ရဲ့ စစ်အုပ်စုဆန့်ကျင်ရေး ရုန်းကန်လှုပ်ရှားမှုတွေကတော့ သတင်းမွှေးကြိုင်စွာနဲ့ပဲ တရားဝင်မှုကို ရရှိနေပြီး မြန်မာ့အနာဂတ်အတွက် အလားအလာကောင်းတခုလည်း ရှိနေပါပြီ။ ကမ္ဘာကြီးက ဒါကို အသိအမှတ်မပြုဘဲနေဖို့ ဆင်ခြေပေးစရာတောင် မရှိတော့ပါဘူး။

နိုင်ငံတကာ လေ့လာဆန်းစစ်သူတွေအနေနဲ့ တချိန်က အင်အားကြီးခဲ့ပြီး စစ်တပ်၊ ဒါမှမဟုတ် မြန်မာစစ်တပ်လို့ ခေါ်ဆိုတဲ့အရာကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို ဆန့်ကျင်နေကြတဲ့ အဖွဲ့တွေက အနိုင်ယူလာနိုင်တဲ့ လက်တွေ့အမှန်တရားကို တဖြည်းဖြည်း နားလည် သဘောပေါက်လာကြပါပြီ။

စစ်အုပ်စုရဲ့ အုပ်ချုပ်နိုင်မှုအပိုင်းက စိတ်ပျက်စရာကောင်းလောက်အောင် ကျဆင်းနေပြီး တိုင်းပြည်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး။ နိုင်ငံတကာမှာ ဩဇာကြီးမားတဲ့ အီကော်နောမစ်သတင်းစာက မြန်မာ့အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုကြဖို့ ဆော်ဩနေပါပြီ။

အဆိုပါသတင်းစာက “မြန်မာ့အတိုက်အခံအစိုးရဟာ အကူအညီတွေပိုရဖို့ ထိုက်တန်ပါတယ်၊ နိုင်ငံတကာထံက အသိအမှတ်ပြုမှုအပြင် ငွေကြေးအကူအညီပေးမှုဟာလည်း ပထမဆင့်အနေနဲ့ သင့်မြတ်ပါတယ်” လို့ ဆိုထားပါတယ်။

ဒါပေမဲ့ အန်ယူဂျီဟာ တကယ်ပဲ အုပ်ချုပ်နိုင်ပြီလားဆိုတဲ့ မေးခွန်းကလည်း ရှိနေပါတယ်။

ကျနော်ကတော့ အန်ယူဂျီရဲ့ လုပ်နိုင်စွမ်းနဲ့ နိုင်ငံတကာမှ လိုအပ်ချက်တွေကို ဆန်းစစ်တဲ့ IDEA ဆိုတဲ့ အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ အဲဒီ IDEA ဆိုတာကတော့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ဒီမိုကရေစီကို အားကောင်းလာအောင်နဲ့ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ လုပ်နေတဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့နိုင်ဖို့ နိုင်ငံတကာအစိုးရတွေက ဖွဲ့စည်းထားတဲ့အဖွဲ့ပါ။ ကျနော် အခုတင်ပြတဲ့ ထင်မြင်ချက်တွေဟာ ကျနော့်ရဲ့ ပုဂ္ဂလိကထင်မြင်ချက်တွေသာ ဖြစ်ပြီး IDEA ရဲ့ ထင်မြင်ချက်တွေ မဟုတ်ပါဘူး။

ကျနော်တို့ရဲ့ ဆန်းစစ်ချက်တွေအတွက် အန်ယူဂျီရဲ့ မဟာဗျူဟာ စာရွက်စာတမ်းတွေကို သုံးသပ်ရပါတယ်။ သူ့ရဲ့ ဝန်ကြီးဌာန အများစုနဲ့လည်း ပတ်သက်ဆက်နွှယ်ရပါတယ်။ သူ့ရဲ့ တိုင်းရင်းသား မဟာမိတ်တွေနဲ့လည်း စကားတွေ ပြောခဲ့ရပါတယ်။ ပြီးတော့ မြန်မာ့လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းတွေရဲ့ လက်တွေ့ဘဝကိုလည်း ရှုမြင်ကြည့်ရပါတယ်။ ကျနော့်ရဲ့ ကောက်ချက်ကတော့ “ဟုတ်ကဲ့ပါ၊ အမျိုးသားညီညွတ်ရေးအစိုးရက အုပ်ချုပ်နိုင်စွမ်း ရှိပါတယ်။ တကယ်လို့ သူ့ရဲ့ ညီညွတ်ရေးနဲ့ တန်းတူညီတူရှိမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး ပြင်ပက အကူအညီတွေ ပိုပြီးရခဲ့ရင်ပေါ့”။

တချက်လောက် နောက်ပြန်သွားပါရစေ။ အသိအမှတ်ပြုခံရဖို့ဆိုရင် အစိုးရတရပ်က ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းပါ။ ကျနော်တို့ ၁၉ ရာစုမှာ နေနေတုန်းပဲဆိုရင်တော့ သင့်ရဲ့ နိုင်ငံသားတွေ နေထိုင်နေတဲ့ ပိုင်နက်နယ်မြေကို ထိန်းချုပ်နိုင်အောင် သင့်ရဲ့အင်အားကိုသုံးပြီး ကြိုးစားပါလို့ပဲ ဖြေရတော့မှာပေါ့။

အဲဒါကို ထပ်မံပြီးဖြည့်စွက်ရရင် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပဋိညာဉ်အရ အခြေခံလူ့အခွင့်အရေးတွေ ကာကွယ်ဖို့၊ တရားဝင်မှုပါလို့ ပြောပြောနေပြီး ကျနော်တို့ လုပ်ပြနိုင်တဲ့ ပညာရေး၊ အခြေခံကျန်းမာရေးနဲ့ လျှပ်စစ်စွမ်းအင်ကဲ့သို့ လိုအပ်တာတွေကို ဖြည့်ဆည်းပေးနိုင်စွမ်းကလည်း တရားဝင်မှုကို ရစေတာပါပဲ။

၂၁ ရာစုထဲကို ရောက်လာတော့ နိုင်ငံတကာအသိုင်းအဝိုင်းက ကာကွယ်ဖို့ရန် တာဝန်ရှိမှု (Responsibility to Protect) ဆိုတဲ့ စည်းမျဉ်းကို ထည့်စဉ်းစားလာကြတယ်လေ၊ အဲဒါကတော့ အစိုးရတရပ်ဟာ တရားဝင်မှုအရ သူ့ရဲ့ ပြည်သူကို ဘေးဒုက္ခအန္တရာယ်တွေကနေ ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်လို့ ဖော်ပြထားတာပါပဲ။

အခုအချိန်မှာ စစ်အုပ်စုလော်ဘီတွေက အဲဒီကာကွယ်ရမယ့် တာဝန်တွေကို စစ်အစိုးရက တကယ် လုပ်ဆောင်နေပါတယ်လို့ ကြွေးကြော်နေကြတယ်။ ဒါပေမဲ့ မြန်မာပြည်ထဲက တချို့တလေကတောင်မှ အဲဒီလို ကြွေးကြော်နေတာတွေက မှန်ကန်မှုမရှိဘူး၊ စစ်အုပ်စုအတွက် ရွေးစရာလမ်း မရှိတော့ဘူးလို့ ပြောနေကြတာကြည့်ရင် စစ်အုပ်စု ကြွေးကြော်နေတာတွေက မှားကြောင်း ကျနော် တွေ့ရပါတော့တယ်။

အခုအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပိုင်နက်နယ်မြေတွေကို သိသိသာသာ ထိန်းချုပ်လာနိုင်သလို သူ့ကို ထောက်ခံတဲ့ ပြည်သူအများစုရှိရာ နေရာတွေမှာ ညွှန်ကြားချက်တွေ ပေးနေပြီး လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးကို တည်ဆောက်ထားနိုင်လာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံအနှံ့မှာရှိတဲ့ နိုင်ငံရေးနဲ့ စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်နေသူတွေကို ကိုယ်စားပြုတဲ့ တပ်ပေါင်းစုအတွက် ကြားကာလ ဒီမိုကရေစီရေး တိုက်ပွဲဝင်အဖွဲ့တွေရဲ့ အုပ်ချုပ်ရေး ဖော်ဆောင်ပေးမယ့် အစိုးရတရပ် ဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေမှာ ၂၀၂၀ ပြည့်နှစ်က အနိုင်ရတဲ့အမတ်တွေ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မဟာဗျူဟာနဲ့ ရည်ရွယ်ချက်တွေ အားလုံးကို သတ်မှတ် ပြဋ္ဌာန်းပေးနေတဲ့ တပ်ပေါင်းစုကောင်စီဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့လည်း ပါဝင်နေတာပါ။

ပိုင်နက်နယ်မြေ ထိန်းချုပ်ထားနိုင်ခြင်းဆိုတာကို ကျနော်တို့ ပြောဆိုတဲ့အခါမှာ မိမိတို့နယ်မြေထဲကို စစ်တပ်က နေရာအနှံ့က ဝင်ရောက်ထိုးစစ်ဆင်လာတာကို တိုက်ထုတ်နိုင်ခြင်းသက်သက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီနယ်မြေရဲ့ ရဲလုပ်ငန်းတွေကို ကောင်းစွာလုပ်ကိုင်ပြီး လူထုကို ကာကွယ်ထားနိုင်တာအပြင် လူထုကလည်း ဒါကို သဘောတူ ပူးပေါင်းဆောင်ရွက်မှုရှိနေပြီး ပိုင်နိုင် ထိထိရောက်ရောက် အုပ်ချုပ်ထားနိုင်တာကို ဆိုလိုတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရမှာတော့ အခုအခါ ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားနဲ့ တသမတ်တည်းရှိတဲ့ ဖွဲ့စည်းတည်ဆောက်မှုမျိုး မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ ရှိနေပြီး အုပ်ချုပ်ဖို့ အဆင်သင့်ရှိနေပါတယ်။ အဲဒီ အုပ်ချုပ်ရေးယန္တရားကတော့ ရောစပ်နေတဲ့ ပုံစံမျိုးပါ။

အန်ယူဂျီရဲ့သစ္စာခံ ဒေသန္တရအုပ်ချုပ်ရေးတွေက အလယ်မှာရှိပြီး တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ရှေးရိုးစွဲပုံစံနဲ့ အုပ်ချုပ်လေ့ရှိတဲ့ အဖွဲ့တွေက နယ်စပ်ဒေသတွေမှာ မဟာမိတ်အဖြစ်နဲ့ ဝိုင်းရံပြီး တည်ရှိနေတာပါ။ အလယ်ပိုင်းနဲ့ နယ်စပ်ဒေသတွေရဲ့ ညှိနိုင်းပေါင်းစပ်မှုကိုတော့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေနဲ့ လုပ်ဆောင်နေကြတာပါ။ ဒီနေရာမှာတော့ အနာဂတ် ဖက်ဒရယ်ပုံစံ တည်ဆောက်ပုံမျိုးက သန္ဓေစတည်နေပြီလို့ ဆိုရမှာပါ။ အလယ်ဗဟိုပိုင်းမှာတော့ အန်ယူဂျီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ဒေသန္တရအုပ်ချုပ်ရေးတွေက တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ သတင်းပို့မှုတွေ ရှိပါတယ်။ အရင်းအမြစ်တွေကိုတော့ အလယ်ဗဟိုပိုင်းက ထောက်ပံ့ဖို့ တာဝန်ယူပါတယ်။

အန်ယူဂျီဟာ အဓိကပြစ်မှုကြီးတွေကို ကာကွယ်တားဆီးဖို့နဲ့ စုံစမ်းဖော်ထုတ်ဖို့ ရဲဌာနကိုလည်း တည်ဆောက်နေပါတယ်။ တရားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ လူမှုအဖွဲ့အစည်းရဲ့ တရားရေးစနစ်ကိုလည်း အကောင်အထည်ဖော်နေပါပြီ။ အန်ယူဂျီရဲ့ စစ်တပ်တွေနဲ့ သီးခြားဖြစ်တည်နေတဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေကလည်း စစ်အုပ်စုရဲ့ ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ခြင်းကနေ သူတို့တတ်နိုင်တဲ့ဘက်က ပြည်သူလူထုကို ကာကွယ်နေကြပါတယ်။

အန်ယူဂျီအနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ ဧရိယာအပြင်ဘက်မှာပါ ဝန်ဆောင်မှုနဲ့ ထောက်ပံ့မှုတွေ ပေးနေပါတယ်။

အန်ယူဂျီနဲ့ တိုင်းရင်းသား မဟာမိတ်တွေဟာ အတန်းပညာရေးနဲ့ အဝေးသင်ပညာရေး၊ ဆေးခန်းနဲ့ တယ်လီဖုန်းမှတဆင့် ကျန်းမာရေးဝန်ဆောင်မှု ပေးတာတွေ၊ လျှပ်စစ်စွမ်းအင်နဲ့ လူသားချင်းစာနာမှု အထောက်အကူတွေကို စစ်ကြောင့် ရွှေ့ပြောင်းနေရတဲ့ လူမှုအသိုင်းအဝိုင်းအား ကူညီထောက်ပံ့ပေးနေကြပါတယ်။ ဝန်ဆောင်မှုတွေဟာ အစီအစဉ်ရှိရှိနဲ့ ဗဟိုကနေ ပူးပေါင်းဆောင်ရွက်မှုအပြည့်နဲ့ အန်ယူဂျီရဲ့ ဝန်ကြီးဌာနတွေကတဆင့် ဆောင်ရွက်နေကြတာပါ။ ဥပမာအားဖြင့် အန်ယူဂျီရဲ့ ပညာရေးဝန်ကြီးဌာနဟာ အမျိုးသားပညာရေး အတိုင်ပင်ခံကောင်စီနဲ့ အတူတကွ ဖက်ဒရယ်ပညာရေး မူဝါဒကို ရေးဆွဲခဲ့ပြီးပါပြီ။ အဲဒီမူဝါဒအားဖြင့် အန်ယူဂျီလက်အောက်ရှိ ကျောင်းတွေနဲ့ တိုင်းရင်းသားလူမျိုးစုဒေသရှိ ကျောင်းတွေမှာ လမ်းညွှန်သင်ကြားလျက် ရှိပါပြီ။ အန်ယူဂျီကျောင်းတွေက ဆရာတွေကတော့ အန်ယူဂျီအုပ်ချုပ်မှုအတိုင်း လုပ်ဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနကတော့ နေထိုင်စားသောက်စရိတ် အနည်းငယ်ကိုသာ အဆိုပါ ကျောင်းဆရာ ဆရာမတွေကို ထောက်ပံ့နိုင်ပါသေးတယ်။ ဒီကျောင်းတွေက ပညာရေးဝန်ကြီးဌာနကို ပုံမှန် အစီရင်ခံစာ ပေးပို့ကြပါတယ်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုကိုတော့ အမျိုးသားအတိုင်ပင်ခံကောင်စီကနေတဆင့် ဆောင်ရွက်နေကြတာပါ။

အန်ယူဂျီက အလုပ်ဖြစ်တဲ့ ဗဟိုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လူထုအရင်းအမြစ်တွေ စီမံမှုနဲ့ နိုင်ငံခြားရေးမူဝါဒကို ဆောင်ရွက်လျက်ရှိနေပါတယ်။

ဒီလုပ်ငန်းကတော့ နည်းပညာပိုင်း ပိုပြီးဆန်ပါတယ်။ ဒါပေမဲ့ အရေးကြီးမှုကတော့ အတူတူပါပဲ။ အန်ယူဂျီရဲ့ ဝန်ကြီးအဖွဲ့နဲ့ သူ့ရဲ့အဖွဲ့ဝင်တွေကတော့ မြန်မာနိုင်ငံရဲ့ အတွင်းမှာရော ပြင်ပမှာပါ ရှိနေကြပြီး ဝန်ကြီးအဖွဲ့ အစည်းအဝေးကိုတော့ တပတ်တကြိမ် အင်တာနက်ကနေ ကျင်းပလျက်ရှိပါတယ်။ ဝန်ကြီးဌာနတွေ ဝန်းရံထားတဲ့ ဝန်ကြီးချုပ်ရုံးနဲ့ သမ္မတရုံးတွေက ဝန်ကြီးဌာနတွေဆီက အစီရင်ခံစာနဲ့ ပြောကြားချက်တွေကို လက်ခံခြင်း၊ လုပ်ဆောင်မယ့် အစီအစဉ်တွေအတွက် ခွင့်ပြုငွေ လျာထားခြင်းနဲ့ မူဝါဒရေးဆွဲခြင်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ ရလာတဲ့ သတင်းအချက်အလက်တွေကို အန်ယူဂျီက သုံးသပ်ခြင်း၊ မူဝါဒနဲ့ ချိန်ညှိခြင်းအပြင် လိုအပ်သလို တုံ့ပြန်တာတွေကိုလည်း ဆောင်ရွက်ပါတယ်။ အန်ယူဂျီရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနကလည်း အခွန်ကောက်ခံခြင်း၊ မိမိသဘောအလျောက် ပေးအပ်မယ့် စီးပွားခွန်ကို ကောက်ခံခြင်း၊ အစိုးရ ငွေတိုက်စာချုပ် ထုတ်ဝေရောင်းချခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းပြည်အတွင်းမှာတော့ စစ်အစိုးရက ဘဏ္ဍာရေးစနစ်ကို တင်းကျပ်စွာ ထိန်းချုပ်ထားတာမို့ အခွန်ဘဏ္ဍာ ကောက်ခံခြင်းနဲ့ အသုံးစရိတ်တွေကိုတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချထားပါတယ်။

ဒါပေမဲ့ အခွန်ဘဏ္ဍာရရှိမှုနဲ့ အသုံးစရိတ် အားလုံးကိုတော့ စီမံကိန်းရေးဆွဲထားပြီး လစဉ် ဘဏ္ဍာရေးအစီရင်ခံစာကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှတဆင့် အစီရင်ခံလျက်ရှိပါတယ်။

ဝန်ကြီးဌာနအနေနဲ့ အစိုးရ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပုံစံတခု ထူထောင်ထားရှိပြီး ဘဏ္ဍာရေးငွေစာရင်းတခုကို နိုင်ငံရပ်ခြားမှာ ထားရှိပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှု ရသည်နှင့်တပြိုင်နက် ထိုငွေစာရင်းမှ ငွေတွေကို ထုတ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

အန်ယူဂျီမှာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒနှင့် ဝန်ကြီးဌာန ရှိနှင့်ပြီးဖြစ်တဲ့အပြင် အရေးပါတဲ့ တတိယနိုင်ငံတွေမှာ တဒါဇင်ခန့်ရှိတဲ့ ကိုယ်စားလှယ်ရုံးခန်းတွေ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ သတ်သတ်မှတ်မှတ် ပြောရရင် မိတ်ဆွေ ဥရောပနိုင်ငံ အနည်းငယ်မှာ အန်ယူဂျီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုကို မြန်မာနိုင်ငံသားတွေအတွက် စီမံပေးနေနိုင်ပါပြီ။ အသိအမှတ်ပြုမှု မလာခင်စပ်ကြားကာလမှာ ဒီကိုယ်စားလှယ်ရုံးတွေက ဆက်သွယ်ရေးတွေကို ကိုင်တွယ်ပါလိမ့်မယ်။

ဘာတွေလုပ်ပြီးလို့ ဘယ်လောက်သုံးစွဲခဲ့တယ်၊ ဘာတွေလုပ်နေတယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှု ရှိနေပါတယ်။

လောလောဆယ်တော့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပတ်သက်တာကတော့ ပြည့်စုံလိမ့်ဦးမယ် မဟုတ်ပါဘူး။ ဒါပေမဲ့ အန်ယူဂျီအနေနဲ့ ကြိုးစားနေပါတယ်။ သူ့ရဲ့ စာရင်းစစ်ချုပ်ကလည်း အခြေခံဘဏ္ဍာရေးစာရင်းစစ်တယောက် ဖြစ်နေခဲ့ပါပြီ။ ဥပဒေပြုမယ့် ပြည်ထောင်စုလွှတ်တော်ကလည်း အကြမ်းအားဖြင့် လေးလတကြိမ် စည်းဝေးလျက်ရှိပြီး လွှတ်တော်ကော်မတီတွေက ဝန်ကြီးဌာနတွေဆီက လုပ်ဆောင်ချက် အစီရင်ခံစာတွေကို စတင်စိစစ် ကြည့်ရှုနေပြီဖြစ်ပါတယ်။

အခြေခံဒေသဆိုင်ရာ တရားရေးစနစ်ကလည်း လွတ်လွတ်လပ်လပ်ကြီး မဟုတ်ပေမဲ့ အခုလို ကြားကာလမှာ အနည်းဆုံးတော့ အရပ်ဘက် တရားစီရင်ရေးစနစ်မျိုး ရှိနေပါတယ်။

အမှန်တကယ်တော့ အန်ယူဂျီရဲ့ဘေးမှာ စိန်ခေါ်မှုပေါင်းများစွာ ဝန်းရံနေတာပါ။ အစီရင်ခံမှု အရည်အသွေးကလည်း ရောထွေးနေတာပါ။ လုပ်ဆောင်မှုတွေကလည်း နိုင်ငံအနှံ့အပြားမှာ တညီတညွတ်တည်း မရှိသေးဘဲ အလွန်ပဲ နည်းနေပါသေးတယ်။ ရန်ပုံငွေလည်း အလွန်နည်းပါးနေပါတယ်။ အခွန်ငွေရရှိမှုကလည်း အလွန်ကို နည်းပါးပြီးတော့ ပြည်ပရောက် မြန်မာလူမျိုးတွေဆီက ထောက်ပံ့ငွေကိုပဲ မှီခိုနေရတာပါ။ ဝန်ကြီးတွေကလည်း လစာတို့ ထောက်ပံ့ကြေးတို့ မရကြပါဘူး။ ဝန်ကြီးဌာနက ဝန်ထမ်းတွေကလည်း အထက်ပိုင်း နိုင်ငံရေးရာထူးတွေမှာရော အောက်ခြေရှိ ထောင်ဂဏန်းရှိတဲ့ အစိုးရဝန်ထမ်းတွေကရော လိုအပ်ချက်အရ စေတနာ့ဝန်ထမ်းတွေချည်းပဲ ဖြစ်ပါတယ်။ ဝန်ထမ်းအားလုံးဟာ စိတ်စေတနာနဲ့ လုပ်နေကြတာဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ လူ့အဖွဲ့အစည်းက သူတို့ကို ထောက်ပံ့တာတွေကို မှီခိုနေကြရတာ ဖြစ်ပါတယ်။ ဝန်ကြီးဌာန အသီးသီးက သူ့ရဲ့ အရပ်ဘက်ဝန်ထမ်းတွေကို ထိန်းထားဖို့ ကိုယ့်ပိုက်ဆံ ကိုယ်ရှာနေကြရတာပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ငယ်ရွယ်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေး ထောက်ပံ့ပေးပါတယ်။ အများစုကတော့ ဘာမှမရဘဲ လုပ်နေကြတာပါ။ ဒါတွေအားလုံးကို အဆင်ပြေဖို့ ဘဏ္ဍာရေးအထောက်အပံ့ကတော့ အလှမ်းဝေးနေဆဲလို့ ခန့်မှန်းရပါတယ်။

အောင်မြင်ဖို့ အခွင့်အလမ်းရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီသို့ အန်ယူဂျီက ခက်ခဲစွာ လျှောက်လှမ်းနေပါတယ်။

ကမ္ဘာကြီးက ချီတုံချတုံ ဖြစ်နေစဉ်မှာပဲ မြန်မာရဲ့ အနာဂတ်ဟာ ပုံပေါ်နေပါပြီ။ အာဏာကို ခွဲဝေသုံးစွဲပြီး အခြေခံလူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို အာမခံချက်ရှိပြီး ဗဟိုချုပ်ကိုင်မှုတွေကို နက်နက်ရှိုင်းရှိုင်း လျှော့ချထားတဲ့ လစ်ဘရယ် ဒီမိုကရေစီလမ်းကြောင်း တခုဆီသို့ သွားမယ့် ကြားကာလ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတိုင်ပင်ခံကောင်စီတို့က ရေးဆွဲနေကြပါပြီ။ အားလုံးက ချမှတ်ထားတဲ့ ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အသစ်ကို လမ်းအဆုံးမှာ တွေ့ကြရတော့မှာပါ။

တကယ်တော့ အဲဒီ အသွင်ကူးပြောင်းမှုဟာ လုံးဝချောမွေ့မှာတော့ မဟုတ်ပါဘူး။ အန်ယူဂျီရဲ့ လက်ရှိအနေအထားအရ ကြားကာလ ဖက်ဒရယ်အစိုးရအနေနဲ့ အာဏာအနည်းအကျဉ်းနဲ့ တစိတ်တပိုင်း အုပ်ချုပ်နေရတာရယ် မြန်မာပြည်အလယ်ပိုင်းက ဒေသန္တရ အုပ်ချုပ်ရေးတွေကို ကြီးကြပ်နေရတာတွေရဲ့ ကြားမှာ တင်းမာမှုတွေတော့ ရှိနေတာပါပဲ။ တိုင်းရင်းသားလူမျိုးစု မဟာမိတ်တွေ အနေနဲ့ကလည်း အန်ယူဂျီရဲ့ ဗဟိုပြုမှုကို စိတ်မသာ ညည်းတွားမှု ရှိနေတာပါ။ အန်ယူဂျီဟာ အခုအချိန်မှာ အထိရောက်ဆုံး နည်းလမ်းဖြင့် အုပ်ချုပ်ရန် လိုအပ်နေပြီဆိုတာ အခိုင်အမာ ပြသနေပါတယ်။ အဆိုပါတင်းမာမှုတွေကို တပ်ပေါင်းစုအတွင်းမှာ ဖြေရှင်းဖို့ လိုအပ်နေပြီး အမျိုးသားအတိုင်ပင်ခံကောင်စီကတဆင့်သာ ဖြေရှင်းလျှင် အောင်မြင်တိုးတက်နိုင်ပါတယ်။

နိဂုံးချုပ်အားဖြင့်ဆိုရသော် အန်ယူဂျီဟာ နိုင်ငံကိုအုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ကမ္ဘာကြီးက ဒါကိုလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလား။

အန်ယူဂျီက အစိုးရတရပ်အဖြစ် လုပ်ဆောင်နေပြီးပါပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်းက မေးနေတဲ့ အစိုးရတာဝန်တွေဖြစ်တဲ့ မြန်မာပြည်ရဲ့ အစိတ်အပိုင်း နယ်မြေတချို့ ထိန်းချုပ်ထားတာ၊ အစိုးရရဲ့ ဝန်ဆောင်မှုတွေနဲ့ လုံခြုံရေးကို ပေးနေတာအပြင် တရားဝင်ဖြစ်မှု စတာတွေကို ဖြည့်ဆည်းနေပါပြီ။ ဘာကြောင့် ကမ္ဘာကြီးက အသိအမှတ်မပြုသေးတာလဲ။ ယူကရိန်းစစ်ပွဲက အချက်တချက် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ အဓိကအချက်တခုလို့တော့ မယုံကြည်ပါဘူး။ ဒါဟာ အမေရိကနဲ့ တရုတ်တို့ ထိပ်တိုက်တွေ့နေတာထက် ပိုပါလိမ့်မယ်။ ဒါကြောင့်အတွက်နဲ့တော့ အတားအဆီးဖြစ်ဖို့ မလိုပါဘူး။ မြန်မာ့ဒီမိုကရေစီရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး အနောက်တိုင်းရဲ့ လက်ကိုင်တုတ်လည်း မဟုတ်ခဲ့ပါဘူး။ အန်ယူဂျီက အန်အယ်လ်ဒီရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်လည်ပြီး အခိုင်အမာ ပြဆိုခဲ့ပြီးပါပြီ။ တရုတ်နိုင်ငံကတော့ အန်အယ်လ်ဒီနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပေမဲ့ အန်ယူဂျီနဲ့ ပတ်သက်ဖို့ကိုတော့ ငြင်းဆိုနေဆဲပါ။ ဒါဟာလည်း ဘယ်သူကမှ မမြင်ဘူးသေးတဲ့ စည်းလုံးတဲ့ မြန်မာနိုင်ငံဖြစ်စေဖို့ တရုတ်နဲ့ အမေရိကန်တို့ရဲ့ အကျိုးစီးပွားတွေ ထပ်တူကျနေတဲ့အချိန်မှာ သဘောတူညီချက်ရခဲ့ရင် ပြောင်းလဲသွားနိုင်ပါတယ်။ အဆိုပါ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေအဖို့ အန်ယူဂျီကို အသိအမှတ်ပြုဖို့ဆိုတာ အလှမ်းဝေးနေဦးမှာဖြစ်ပေမဲ့ လက်တွေ့ကျကျ ဘဏ္ဍာရေးနဲ့ အထောက်အကူတွေ ပေးဖို့ကတော့ အခြားရွေးချယ်စရာတခုအဖြစ် ရှိနေပါတယ်။ နိုင်ငံတကာအနေနဲ့ အထောက်အကူတွေ ပို့ပေးဖို့ အန်ယူဂျီ ဒါမှမဟုတ် မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ တွဲဖက်ပြီး စတင်ဆောင်ရွက်နိုင်ပါတယ်။ လိုအပ်ရင် တကြိမ်တခါသာ ထောက်ပံ့ကူညီတာတွေ ပို့ပေးတဲ့ ပရောဂျက်တွေကိုလည်း စတင်ဆောင်ရွက်နိုင်ပါတယ်။ အန်ယူဂျီကလည်း ဒါကို တွဲဖက်လုပ်လိုတဲ့ ဆန္ဒရှိပြီး လုပ်လည်းလုပ်နိုင်ပါတယ်။ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အနည်းငယ် ပျော့ပြောင်းတဲ့မူဝါဒ ရှိခဲ့ရင် စီမံခန့်ခွဲမှုနဲ့ ထိန်းချုပ်မှုယန္တရားသာ လိုအပ်ပြီး ယုံကြည်မှုကြောင့်ဖြစ်တဲ့ အဆုံးအရှုံးတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ အန်ယူဂျီအနေနဲ့ကလည်း နိုင်ငံတကာ အစိုးရတွေကို အစည်းအဝေးဖိတ်ခေါ်ပြီး ဘဏ္ဍာငွေနဲ့ လုပ်ပုံကိုင်ပုံ သင်ကြားပေးမှု အများအပြားကို ရယူသင့်ပါတယ်။ နိုင်ငံတကာ ကြားဝင်ဖျန်ဖြေသူတွေနဲ့ သံတမန်တွေက အန်ယူဂျီနဲ့ အမျိုးသားအတိုင်ပင်ခံကောင်စီကို တက်တက်ကြွကြွ ဆက်စပ်ပတ်သက်ပြီး စစ်အုပ်စုကို တရားဝင်မှုအဖြစ် မြင်နေစေတာကို ရှောင်ရှားသင့်ပါတယ်။

အန်ယူဂျီက မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် ပိုပိုပြီး ဆောင်ရွက်လာတဲ့အလျောက် မြန်မာပြည် အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမယ့်အရေးကို ကာကွယ်နိုင်ဖို့ရာမှာ တခုတည်းသော လုံလောက်တဲ့ တရားဝင်မှုရှိပြီး အလားအလာရှိတဲ့ စီမံကိန်းတွေလည်း ရှိနေတဲ့အတွက် ကမ္ဘာကြီးက အန်ယူဂျီကို အသိအမှတ်မပြုဘဲ နေဖို့ အကြောင်းပြစရာ မရှိတော့ပါဘူး။

ဖိလစ်အန်နာဝတ်

(ဖိလစ်အန်နာဝတ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်ကို အထူးကျွမ်းကျင်သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စစ်အာဏာမသိမ်းခင် အချိန်က မြန်မာအစိုးရနဲ့ လွှတ်တော်ကို အကြံဉာဏ်များ ပေးနေသူဖြစ်ပါသည်။)

The Diplomat မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ဖိလစ်အန်နာဝတ်ရေးသားထားတဲ့ “Is Myanmar’s National Unity Government Ready to Govern?“ ဆောင်းပါးကို ဘာသာန်ပြန်ဆို ဖော်ပြခြင်းဖြစ်သည်။ 

ပြန်ဆိုသူ-အေးမင်း(တာမွေ)

မူရင်းလင့်- https://thediplomat.com/2022/09/is-myanmars-national-unity-government-ready-to-govern/ 

3 months Ago
More News
Up