အမျိုးသမီးအရေးလှုပ်ရှား

April 14, 2021

တိုက်ပွဲများဖြစ်ပွားနေသည့် မိုးမောက်မြို့နယ်တွင် အမျိုးသမီးအရေးလှုပ်ရှားမှုပြုလုပ်

ကချင်ပြည်နယ်  မိုးမောက်မြို့နယ်မှာ ဧပြီ ၁၃ ရက်က တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် လှုပ်ရှားမှုတစ်ခုကို   ဒေသတွင်းက အမျိုးသမီးတွေ ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံရေးအကြပ်အတည်းတွေအကြား အမျိုးသမီးတွေရဲ့ စွမ်းရည်ဗဟုသုတ တိုးတက်စေဖို့ ရည်ရွယ်ကာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ  ပပျောက်လျော့နည်းစေဖို့ ရည်မှန်းလုပ်ဆောင်တာလို့ သိရပါတယ်။ 

ပွဲဖြစ်မြောက်ရေး တာဝန်ခံတစ်ဦးက "အမှန်က မတ် ၈ ရက်ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ပါ၊ ဒါပေမဲ့ နိုင်ငံရေး အပြောင်းအလဲတွေရယ်၊ ဘဏ်တွေမှာ ပိုက်ဆံထုတ်မရတာရယ်၊ အမျိုးသမီးများအတွက် ဒီလိုမျိုး သီးသန့်လုပ်တဲ့ ပွဲတွေ နည်းပါးတာရယ်၊ အမျိုးသမီးများအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တာကြောင့် အခက်အခဲကြားက မလုပ်မဖြစ်လုပ်ခဲ့ကြတယ်”လို့ ဆိုပါတယ်။

ဒီပွဲကို မိုးမောက်မြို့နယ်တစ်နေရာမှာ လူဦးရေ ၁၀၀ လောက်နဲ့ ပထမဆုံး ပြုလုပ်ခဲ့ပြီး မေးခွန်းတွေမေးမြန်းတာ၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအကြောင်းဟောပြောတာ၊ အဖြေမှန်သူတွေကို  ဆုချီးမြင့်ပေးတာ ၊ လက်ရှိ နိုင်ငံရေးဖြစ်စဉ်မှာ  အမျိုးသမီးတွေ လုံခြုံမှုရှိစေ ရေး စတဲ့ အစီအစဉ်တွေ ထည့်သွင်းကျင်းပခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ချိန် မငြိမ်သက်မှုဖြစ်စဉ်အပေါ် အခွင့်ကောင်းယူကာ အမျိုးသမီးတွေ လူကုန်ကူးခံရတာ၊ သွေးဆောင်ဖြားယောင်း အဓမ္မပြုကျင့်ခံရတာ၊ မူးယစ်ဆေးဝါးသားကောင်အဖြစ် သိမ်းသွင်းခံရတာ၊ စီးပွားရေး အမြတ်ထုတ်ပြီး ပြည့်တန်ဆာလုပ်ငန်းတွေဆီသို့တွန်းပို့ခံရတာ၊ အိမ်တွင်း အကြမ်းဖက်မှုခံရတာတွေ ပိုမိုများပြားနေပြီး အမျိုးသမီးတွေ လုံခြုံမှုမရှိတဲ့ အခြေအနေနဲ့   ကြုံနေရတယ်လို့ ဒီဆွေးနွေးပွဲကနေ သိရှိရပါတယ်။

1 month Ago
Up