အမျိုးသမီးအကြောင်း

October 29, 2019

ကန်ကျွန်စနစ်ပပျောက်ရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးအကြောင်း ရုပ်ရှင်-Harriet (နမူနာ)

အမေရိကန်သမိုင်းနဲ့ ဖြစ်ရပ်မှန်အထုပ္ပတ္တိဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ Harriet ကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Focus Features ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဟောလိဝုဒ် အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Kasi Lemmons က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းစစ်မတိုင်ခင်နဲ့ ပြည်တွင်းစစ်ကာလတွေအတွင်း ကျွန်စနစ်ပပျောက်ရေး တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ အမျိုးသမီး Harriet Tubman အကြောင်းကို ရိုက်ကူးထားတာပါ။ ရာနဲ့ချီတဲ့ ကျွန်ပြုခံရသူတွေကို လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့တဲ့ သူ့ရဲ့အကြောင်းကို ဘယ်လို ပုံဖော်ထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် လူမည်းအမျိုးသမီး သရုပ်ဆောင် Cynthia Erivo က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ Leslie Odom Jr. ၊ Joe Alwyn ၊ Janelle Monáe စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။ ကြာမြင့်ချိန် ၁၂၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။
2 years Ago
Up