အမျိုးသမီးရေတပ်သား

July 14, 2020

ရုရှားအမျိုးသမီးရေတပ်သားများ ပင်လယ်နက်ကင်းလှည့်တာဝန် စတင်ထမ်းဆောင် 

ရုရှားရေတပ်မှာ ပထမဆုံးအနေနဲ့ အမျိုးသမီး ရေတပ်သားတွေချည်း ပါတဲ့ တပ်ဖွဲ့ဟာ ပင်လယ်နက် ကင်းလှည့်ရေးတာဝန်ကို ဇူလိုင် ၁၀ ရက်ကစပြီး ထမ်းဆောင်နေပါတယ်။ ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် ရုရှားရဲ့ ရေတပ်မတော်နေ့အတွက် ပြင်ဆင်တဲ့အနေနဲ့ ခုလို ကင်းလှည့်တာပါ။ ကင်းလှည့်သင်္ဘောပေါ်က ရေတပ်သမီးအဖွဲ့ဟာ ပင်လယ်ပြင်ခရီးအတွင်း စစ်ရေးလေ့ကျင့်မှု အတော်များများကိုလည်း ကျေနပ်လောက်အောင် လေ့ကျင့်ခဲ့တာပါ။ RGD-5 လက်ပစ်ဗုံးကို ပင်လယ်ထဲ ပစ်လွှင့်တာ အပါအဝင် အဖျက်သမားတွေရဲ့ ကျူးကျော်မှုကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတာတွေကို အသွင်ယူ လေ့ကျင့်ခဲ့ကြပါတယ်။ ရုရှားရေတပ်ဟာ အမျိုးသမီးတွေ ဝင်ခွင့်အတွက် အဟန့်အတားတွေရှိနေဆဲပါ။ သက္ကရာဇ် ၂၀၀၀ မှာ သမ္မတပူတင် လက်မှတ်ထိုးခဲ့တဲ့ ဒီဂရီအမိန့်အတွင်း အမျိုးသမီးတွေ ဝင်မလုပ်ဖို့ တားထားတဲ့ လုပ်ငန်းခွင်နယ်ပယ် ၃၈ ခုမှာ အလုပ်အကိုင် အမျိုးအစားပေါင်း ၄၅၆ မျိုးကို စာရင်းပြုစုထားပါတယ်။ ဒီအလုပ်တွေဟာ အန္တရာယ်ရှိပြီး ခက်ခဲပင်ပန်းတဲ့ လုပ်ငန်းခွင်အခြေအနေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ အမျိုးသမီးတွေ ဝင်မလုပ်နိုင်တဲ့ အလုပ်အကိုင်စာရင်းကို လာမယ့်နှစ်မှာ ပိုလျှော့ချဖို့ ရုရှား အစိုးရက စီစဉ်နေပါတယ်။
10 months Ago
Up