အမျိုးသမီးကေပေါ့ပ်စတား

October 15, 2019

နာမည်ကျော် အမျိုးသမီးကေပေါ့ပ်စတား  ဆူလီ သေဆုံးမှု စုံစမ်းစစ်ဆေးနေ

တောင်ကိုရီးယား အမျိုးသမီးကေပေါ့အဖွဲ့  f(x) အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်တဲ့ ဆူလီကို အောက်တိုဘာလ ၁၄ ရက်နေ့က နေအိမ်မှာ သေဆုံးလျက်  တွေ့ရပါတယ်။ သူ့ရဲ့ သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဖြစ်တယ်လို့ ယူဆထားတဲ့အပေါ် လတ်တလောမှာတော့ ရဲတပ်ဖွဲ့က အတည်ပြု သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်။ ဆိုက်ဘာ အနိုင်ကျင့်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားတဲ့ ဆူလီကို ဆိုးလ်မြို့ တောင်ပိုင်း ဆုံနမ်မြို့ နေအိမ်မှာ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်က သေဆုံးနေတာ တွေ့ရပါတယ်။ နာမည်ရင်း  ချွဲဂျီရီ ဖြစ်ပြီး  အသက်အားဖြင့် ၂၅ နှစ်သာ ရှိသေးတဲ့  ဆူလီဟာ ပြင်းထန်တဲ့ စိတ်ကျဝေဒနာကို ခံစားနေရတယ်လို့ ရဲတပ်ဖွဲ့က ပြောပေမယ့် အသေးစိတ်ကိုတော့ ရှင်းမပြခဲ့ပါဘူး။ "သူက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပုံရပါတယ်၊ ဒါပေမဲ့ ဖြစ်နိုင်ခြေအားလုံးကို စုံစမ်းစစ်ဆေးသွားမှာပါ" လို့ရဲအရာရှိတဦးက ပြောပြီး ဆူလီရဲ့ မန်နေဂျာက သူ့ကို ဆက်သွယ်လို့မရတဲ့အတွက် နေအိမ်ကို လိုက်လာချိန်မှာ သေဆုံးလျက်သား အခြေအနေနဲ့  တွေ့ခဲ့ရတာလို့ ဆိုပါတယ်။ ဆူလီဟာ အဖွဲ့ဝင် ၅ ယောက်ပါဝင်တဲ့ f(x) ကေပေါ့ပ်အဖွဲ့ဝင်တဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ လမ်းခွဲခဲ့ပြီး တကိုယ်တော် အဆိုတော်နဲ့ သရုပ်ဆောင်ဘဝကို စတင်ခဲ့တာပါ။ ဆူလီဟာ အွန်လိုင်းပေါ်မှာ အနိုင်ကျင့်ခံရတာတွေ ကြုံခဲ့ရပြီးနောက် ကေပေါ့ပ်လောကကို ကျောခိုင်းခဲ့တယ်လို့လည်း ဝေဖန်သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ သူ့ရဲ့ တကိုယ်တော်အယ်လ်ဘမ် Goblin ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား နာမည်ကျော် S.M. Entertainment ကတော့ f(x) အဖွဲ့ဝင်ဟောင်း ဆူလီ သေဆုံးတဲ့အပေါ်မှာ ဝမ်းနည်းကြေကွဲရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
2 years Ago
Up