တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲ အတွက် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က အနော်ရထာတပ်မဲရုံ (၁) မှာ ဒီနေ့မနက်က မဲပေးခဲ့ တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော်ကတော့ အမျိုးဘာသာ သာသနာ ပညာ ဒီပေါ်မှာ အလေးထားတဲ့ ပါတီ၊ တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ပါတီ၊ ကျနော် အမြဲတမ်း ပြောတယ်၊ တပ်မတော်နဲ့လက်တွဲပြီး အလုပ်လုပ်လို့ရတဲ့ ပါတီကို ကျနော် ရွေးချယ်ပြီး မဲပေးခဲ့ ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်။” လို့ ပြောပါတယ်။
ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆိုပါတယ်။
“ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့အညီထွက်ပေါ်လာတဲ့ ရလဒ်တော့ လက်ခံရမှာပါ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး လက်ခံရမှာပဲ။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောကတွေ ဒါတွေကို ဘယ်လိုဖြေသိမ့်ဖို့အတွက် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ဒါကတော့ ကျနော်တို့အတွက် အင်မတန်အရေးကြီးတဲ့အချက်ပါ။ ဒါကတော့ မလွဲမသွေ လုပ်ကိုလုပ်ရမှာလို့ ပြောချင်တယ်။”
နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ ပြည်သူနဲ့အမျိုးသားလွှတ်တော်နေရာတွေအတွက် အန်အယ်လ်ဒီက ဒေါက်တာမိုးဆွေ၊ ဦးမောင်မောင်ဆွေနဲ့ ပြည်ခိုင်ဖြိုးပါတီက ဦးသန်းဌေးနဲ့ ဦးခင်မောင်ဌေးတို့ ဝင်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။
ဇေယျာသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၈၂၄၉၀ ဦး၊ တပ်မဲရုံ ၁၆ ရုံအပါအဝင် မဲရုံပေါင်း ၇၄ ရုံရှိတယ်လို့ သိရပါတယ်။
2 years Ago