အများသုံးသန့်စင်ခန်း အသုံးပြုခ ကျပ် ၁၀၀ ထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်

October 21, 2019

အများသုံးသန့်စင်ခန်း အသုံးပြုခ ကျပ် ၁၀၀ ထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်

အများပြည်သူသုံးသန့်စင်ခန်းတွေ အသုံးပြုခကို ငွေကျပ် ၁၀၀ သတ်မှတ်ထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်က ပြောကြားလိုက်ပါတယ်။ သတ်မှတ်နှုန်းထားထက်ပိုပြီး ကောက်ခံတာတွေ့ရှိခဲ့မယ်ဆိုရင် အချိန်မရွေး ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ရန်ကုန်မြို့တော်စည်ပင် ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသူရအောင်က အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ လက်ရှိမှာတော့ အများပြည်သူသုံး သန့်စင်ခန်းတွေမှာ ဝင်ကြေး ၂၀၀ ကောက်ခံနေတာတွေ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် လာမယ့် ၂၄ ရက်နေ့မှာ သက်တမ်းပြည့်သွားပြီဖြစ်တဲ့ အများပြည်သူသုံး သန့်စင်ခန်း ၈ ခုကို တင်ဒါခေါ်ယူသွားမယ်လို့ ပြောပါတယ်။  ရန်ကုန်မြို့မှာရှိတဲ့ အများပြည်သူသုံး သန့်စင်ခန်းတွေကိုတော့ ရန်ကုန်မြို့တော်စည်ပင်ရဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲရေးလုပ်ငန်း တာဝန်ခံဌာန၊ စျေးများဌာနနဲ့ ပန်းဥယျာဉ်ဌာနက တာဝန်ယူ ထားတယ်လို့ ဆိုပါတယ်။  ရန်ကုန်မြို့မှာတော့ အများပြည်သူသုံးသန့်စင်ခန်းအလုံး ၃၀ ကျော် ရှိတယ်လို့ ပြောပါတယ်။
2 years Ago
Up