အများဆုံး ဝင်ရောက်

February 2, 2020

တရုတ်နိုင်ငံသား အများဆုံးဝင်ရောက်သည့် ငွေဆောင်တွင် Mask များ ပေးဝေ

ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေနဲ့ ပြည်တွင်း ခရီးသွားပြည်သူများကို ကိုရိုနာဗိုင်းရစ်ပ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ က MasK အခုရေ ၃၀၀ ကျော်ကို ပေးဝေခဲ့တယ်လို့ မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒေသခံပြည်သူတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေအတွက် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးဌာနက ဝန်ထမ်းတွေ၊ ဟိုတယ်ဇုန်က ဝန်ထမ်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး မနက်ပိုင်းက ဝေခဲ့တာလို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသိပညာပေးတာတွေနဲ့ နှာခေါင်းစည်း အခု ၃၀၀ ကို ဝေခဲ့တာပါ။ ဌာနဆိုင်ရာဝန်ထမ်းတွေ ဟိုတယ်ဇုန်က ဝန်ထမ်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ အကုန်ပေါင်းလုပ်ခဲ့တာပါ၊ မနက်ဖြန်မှာလည်း အသိပညာပေးတာတွေ လုပ်ဖို့ရှိပါတယ်။”   ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေမှာ အောက်တိုဘာလကနေ ဇွန်လအထိ ခရီးသွား ဝင်ရောက်မှု များပြားလေ့ရှိပါတယ်။ နေ့ကြီး ရက်ကြီးတွေနဲ့ ရုံးပိတ်ရက်ရှည်တွေမှာ ပြည်တွင်းခရီးသွားတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေ ဝင်ရောက်လေ့ရှိပြီး အခုရာသီမှာ ခရီးသွားဝင်ရောက်မှု အများဆုံးအချိန် ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖိုးဖိုးလေး တည်းခိုခန်းပိုင်ရှင် မနီလာအောင်က “ဒီရာသီက ခရီးသည် အများဆုံးလာတဲ့အချိန်ဆို ရုံးပိတ်ရက်တွေ နေ့ကြီး ရက်ကြီးတွေဆို တည်းခိုခန်းနဲ့ ဟိုတယ်တွေ အပြည့်နီးပါးလာတယ်။ ဟိုရက်ကတော့ တရုတ်ခရီးသွားတွေ အဖွဲ့လိုက်လာတယ်။ ခုရက်တော့ သိပ်မတွေ့တော့ဘူး။ ရောဂါအခြေအနေ ဆိုးလာတဲ့နောက်ပိုင်း လာတာ သိပ်မတွေ့တော့ဘူး။ မနေ့ကတော့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး နှာခေါင်းစည်းတွေဝေတာ တွေ့ပါတယ်” လို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ငွေဆောင်ကမ်းခြေကို ပြည်ပခရီးသွား ၇၆၃၆၂ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် ၉၀ ပိုမိုတိုးတက်လာခဲ့ပြီး ဝင်ရောက်တဲ့ ပြင်ပခရီးသွား ၈၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနက သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up