ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဏန်းပြင်ကျေးရွာအုပ်စု၊ လောင်းချောင်းကျေးရွာမှာ တပ်မတော်စစ်ကြောင်းတခု နိုဝင်ဘာ ၁၁ ရက်က လာရောက်စခန်းချနေပြီး ကျေးရွာသား ၄ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
အခုလို ကျေးရွာသားတချို့ အဖမ်းခံရတဲ့သတင်းကြောင့် အနီးအနား ကျေးရွာတွေက ဒေသခံတွေ ကြောက်လန့်စိုးရိမ်ကာ နီးစပ်ရာကျေးရွာတွေနဲ့ ကျောက်ဖြူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။
“လောင်းချောင်းကျေးရွာက ဦးအောင်မြင့်ရယ်၊ ဦးသန်းမြင့်ရယ်၊ ဦးမောင်သန်းထွန်းရယ်၊ ဦးဇော်စေ့ကေရယ် လေးဦးကို ရွာမှာစခန်းချနေတဲ့ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတာပါ၊ တပ်ကတော့ ၅၄၃ တပ်ကလို့ သိရတယ်။ အဲဒီလို ဖမ်းဆီးနေတဲ့ဆိုတဲ့ သတင်းကိုကြားလို့ ရွာသား တွေကလည်း ကြောက်နေကြတယ်။ ကဏန်းပြင်ရွာက ကြောက်ပြီးတော့ လူပေါင်း ၁၀၀ လောက် ရွာကနေ ထွက်ပြေးသွားကြပြီ။”
အဆိုပါသတင်းကြောင့် ကဏန်းပြင်ကျေးရွာအုပ်စု ကျေးရွာတွေက တာဝန်ကျ ဆရာ/ဆရာမတွေလည်း ကြောက်လန့်ပြီး စာလာမသင်တော့လို့ စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။
“အဲဒီလောင်းချောင်းကျေးရွာမှ တပ်မတော်က မသင်္ကာတဲ့လူ ၄ ဦးကို ဖမ်းသွားတယ်ဆိုလို့ ရွာမှာစာသင်နေတဲ့ ဆရာ/ဆရာမတွေက အကုန်လုံးတယောက်မှ မလာရဲကြတော့ ကျောင်းကို ပိတ်ထားရပါတယ်။ အခုကျနော်တို့ရွာမှာဆိုရင် အလယ်တန်းအထိရှိတော့ ကျောင်းသား/ကျောင်းသူ ၅၀၀ လောက်ဟာ စာသင်ကျောင်းတွေ ပိတ်ထားတဲ့အတွက် စာမသင်ရဘူးပေါ့၊ ကဏန်းပြင်ရွာမှာ လည်း ဒီအတိုင်းပဲ ဆရာ/ဆရာမတွေမလာရဲတော့ စာသင်ကျောင်းကို ပိတ်ထားရတဲ့အတွက် ကလေးတွေ စာမသင်ရဘူးဖြစ်နေတယ်။”
အခုလိုရွာသားတွေ ထွက်ပြေးတိမ်းရှောင်တာနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီးဝင်းဇော်ဦးက "ကျနော်တို့တပ်မတော်က ပြောချင်တာကတော့ ပြည်သူကိုဘယ်တော့မှ ဒုက္ခမပေးဘူးဗျာ၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းဗျာ၊ တပ်မတော်လာလို့ ကြောက်လို့ထွက်ပြေးတယ်ဆိုတဲ့ စကားကတော့ ဒေသခံပြည်သူလူထုတွေကတော့ အဲဒီလောက်ကြီး မဟုတ်ဘူးဗျ" လို့ ပြောပါတယ်။
နောင်နောင်
3 years Ago