အမ်းမြို့နယ်

July 11, 2021

အမ်းမြို့နယ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စု ကျောက်ဆင်ကျေးရွာအနီးရှိ တောင်မှာ နွားရှာသွားတဲ့ အမျိုးသား ၂ ဦး ဇူလိုင် ၁၀ ရက်နေ့ မနက်က မြေမြှုပ်မိုင်းနင်းမိတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲခဲ့တာကြောင့် ၁ ဦးက ညာဘက်ခြေဒူးဆစ်အောက်ပြတ်ပြီး ဘယ်ခြေနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့ကာ၊ ကျန် ၁ ဦးကတော့ ညာဘက်မျက်စိ ထိခိုက်သွားပြီး လက်နဲ့ ခြေတွေမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၂ ဦးကို ကမ်းထောင်းကြီးမြို့ဆေးရုံမှာ အရေးပေါ်ဆေးကုသမှု တွေ လုပ်ဆောင်နေပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ဒီနေ့ စစ်တွေဆေးရုံကို ပို့ဆောင်ဖို့ စီစဥ်နေတယ်လို့ ကမ်းထောင်းကြီးမြို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုရန်နိုင်ဖြိုးက ပြောပါတယ်။

“သူတို့က နွားပျောက်သွားလို့ နွားရှာမယ်ဆိုပြီး မနက် ၉ နာရီခွဲလောက်မှာ သွားကြတယ်၊ ရွာရဲ့တောင်ဘက် ၂ ဖာလုံလောက်အကွာမှာရှိတဲ့ ပြိုင်းတောတောင်မှာ သွားရှာရင်းနဲ့ အရင်စစ်တပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြုပ်မိုင်းနင်းမိပြီးတော့ ပေါက်ကွဲခဲ့တာပေါ့။”

တစ်ယောက်က ဘယ်ဘက်ခြေထောက် ဒူးခေါင်းအောက်ကပြတ်ပြီးတော့ ညာဘက်ခြေနဲ့ လက်တွေမှာ ဒဏ်ရာရသွားပြီး နောက် ၁ ယောက်မှာက ညာဘက်မျက်လုံးထိခိုက်ပြီးတော့ ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာရသွားတယ်။

လက်ရှိ ခြေထောက်ပြတ်သွားတဲ့သူကို အောက်ဆီဂျင်ပေးထားရပြီး သူတို့ နှစ်ယောက်စလုံး ဒဏ်ရာပြင်းတဲ့အတွက် ဒီနေ့ စစ်တွေကိုပို့ဆောင်ဖို့ စီစဉ်နေကြပါတယ်။ 

ရခိုင်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့  ၂ နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ၂၀၂၁ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ သေဆုံးသူ ၄၉ ဦးနဲ့ ဒဏ်ရာရသူ ၇၉ ဦးရှိပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

5 months Ago

June 12, 2021

အမ်းမြို့နယ်တွင် အေအေနှင့်ဆက်နွှယ် ဖမ်းဆီးတရားစွဲခံရသူ ၄ ဦး ပြန်လွတ်လာ

ရခိုင်ပြည်နယ်မှာ  အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး  သံသယနဲ့ဖမ်းဆီး တရားစွဲဆိုခံရသူ  ၄ ဦးရဲ့ အမှုကို စစ်တပ်က  ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် ဇွန်လ ၁၁ ရက်နေ့မှာ အမ်းမြို့နယ်တရားရုံးက ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြန်လွတ်လာတဲ့သူတွေက ကိုကျော်စိုးဝင်း၊ ကိုမောင်ကျော်၊ ကိုအောင်သိန်းထွန်းနဲ့ ကိုအောင်မိုးထွန်းတို့ဖြစ်ကြပြီး သူတို့အမှု တစ်နှစ်ခွဲလောက်ကြာမှာ ပြန်လွတ်လာတာလို့ အခမဲ့လိုက်ပါအကျိုးဆောင်ပေးနေတဲ့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ  ရှေ့နေတစ်ယောက်က ပြောပါတယ်။ 

“မနေ့က အမ်းမြို့နယ်တရားရုံးက အကြမ်းဖက်ဥပဒေနဲ့ တရားစွဲထားတဲ့ ၄ ဦးကို ပြန်လွှတ်ပေးလိုက်တယ်။ သူတို့ရဲ့အမှုတွေကို ပြန်ရုပ်သိမ်းပေးလိုက်တာပေါ့။ သူတို့ ၄ ယောက်ထဲက ၃ ယောက်ကတော့ စွဲချက်မတင်မီ တရားရှင်လွှတ်ပေးလိုက်တယ်။ ကျန် ၁ ယောက်ကတော့ စွဲချက်တင်ပြီးမှ တရားသေပြန်လွှတ်ပေးလိုက်တယ်”။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား  ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကာလမှာ  အေအေနဲ့ ဆက်နွှယ်သံသယနဲ့ စစ်တပ်က ဖမ်းဆီးအမှုဖွင့်ခဲ့သူပေါင်း  ၂၀၀ ကျော်ထိရှိကာ တချို့ကိုတော့ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။

6 months Ago

အမ်းမြို့နယ်၌ စစ်တပ်က စားနပ်ရိက္ခာသယ်ယူခွင့်ပိတ်လိုက်သဖြင့် လူဦးရေသောင်းချီ အခက်ကြုံ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုရှိ ဒါးလက်ချောင်းအတွင်း သွားလာနေကြတဲ့ စက်လှေတွေကို  ဆန်၊ စားသုံးကုန်နဲ့ စက်သုံးဆီတွေသယ်ယူခွင့်ကို ဇွန်လ ၁၀ ရက်နေ့က စတင်ပြီး စစ်တပ်က ပိတ်လိုက်တာကြောင့် ဒေသခံတွေအခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ 

ဒါးလက်ချောင်းဒေသခံတစ်ဦးက “ ဒါးလက်ချောင်းမှာ စောင့်နေတဲ့ စစ်သားတွေက ဆန်တွေကို လုံးဝပိတ်လိုက်တယ်။ စားသုံးကုန်တွေရယ်၊ ရေနံဆီ၊ ဓာတ်ဆီအကုန်လုံးကို သယ်ယူခွင့်ပိတ်လိုက်တယ်။ ပြီးရင် ဒေသခံရှာဖွေလုပ်ကိုင်စားသောက်နေကြတဲ့ သစ်ဖောင်တွေ၊ ဝါးဖောင်တွေကိုလည်း လုံးဝသွားခွင့်မပေးတော့ဘူး၊ ပိတ်လိုက်တယ်”လို့  ပြောပါတယ်။

ဒါးလက်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၄၂ ရွာရှိပြီး လူဦးရေက ၁၃၀၀၀ ကျော်ရှိပြီး အခုလို ကုန်စည်တွေ သယ်ယူခွင့်ပိတ်လိုက်တဲ့အတွက်  ဒေသခံတွေအတွက် အများကြီး အခက်အခဲဖြစ်သွားတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ လက်ရှိအချိန်မှာ တည်ငြိမ်အေးချမ်းနေတာကြောင့် အခုလို စစ်တပ်က စားနပ်ရိက္ခာ သယ်ယူခွင့်ပိတ်တာဟာကြောင့် တကျော့ပြန်တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်ရသလို ဒေသခံတွေအတွက်လည်း စားနပ်ရိက္ခာပြတ်လပ်သွားမှာကို စိုးရိမ်မိတယ်လို့လည်း  လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

အမ်းမြို့နယ်မှာ လူမှုရေးလုပ်ငန်းတွေကို တက်ကြွစွာပါဝင်ကူညီပေးနေတဲ့ ကိုမျိုးလွင်က “ဒီလိုလမ်းကြောင်းတွေကိုပိတ်တယ်ဆိုတာ ကျနော်တို့ စိုးရိမ်ရတဲ့ အနေအထားတစ်ခုထိ ရောက်တယ်ပေါ့နော်။ အမ်းမှာက ရက္ခုင့်တပ်တော်ကလည်း ရှိနေသလို တပ်မတော်ကလည်း အင်အားတွေလျော့မသွားတဲ့အပြင် နောက်ထပ်တိုးတာတွေလည်းရှိနေတယ်။ အဲဒီအထဲမှာ ဒါးလက်ရေလမ်းကြောင်းကို ပိတ်လိုက်တယ်ဆိုတာက ကျနော်တို့ စိုးရိမ်တယ်။ တစ်ဖက်မှာ ဒေသမှာရှိတဲ့ ဒေသခံတွေ စားနပ်ရိက္ခာပြတ်တောက်သွားမှာကိုလည်း စိုးရိမ်တယ်ပေါ့နော်” လို့ ပြောပါတယ်။

ရခိုင်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ ၂ နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့တုန်းကလည်း စစ်တပ်က အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စုကို ၁ နှစ်ကျော်ကြာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခဲ့တာကြောင့် ဒေသခံတွေ စားနပ်ရိက္ခာတွေပြတ်လပ်မှုနဲ့ ကြုံခဲ့ရဖူးပါတယ်။

6 months Ago
More News
Up