ကိုလံဘီယာအမျိုးသားရဲချုပ် ရိုဒိုလ်ဖို ပါလိုမီနိုဟာ အမျိုးသားပြည့်တန်ဆာ ကွင်းဆက်မှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရအပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရာထူးက နုတ်ထွက်ခဲ့ပါတယ်။
လွှတ်တော်အမတ်တွေကို ဝန်ဆောင်မှု ပေးရတယ်လို့ စွပ်စွဲထားတဲ့ အမျိုးသားပြည့်တန်ဆာဂိုဏ်းကို ဖွဲ့စည်းမှုမှာ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးနေကြောင်း စုံစမ်းစစ်ဆေးရေးမှူး က ကြေညာအပြီး နောက်နေ့မှာ ခုလို ရာထူးက နုတ်ထွက်ခဲ့တာပါ။
သူဟာ တရားမဝင် ချမ်းသာကြွယ်ဝမှုနဲ့ သတင်းထောက်တွေရဲ့ ဖုန်းတွေကို တရားမဝင် ခိုးနားထောင်မှု စွဲချက်တွေအတွက်လည်း စုံစမ်းစစ်ဆေးခံနေရပါတယ်။
ရဲအရာရှိတွေက သူတို့ကို ကာမဆက်ဆံဖို့ ပြောင်ပြောင်တင်းတင်း တောင်းဆိုခဲ့မှုနဲ့ ရဲချုပ်ကို အရင်က စွပ်စွဲခဲ့ဖူးပြီး သူက ငြင်းဆိုခဲ့ဖူးပါတယ်။
ဇနီးသည် မိသားစုနဲ့ ရဲဗိုလ်ချုပ်တွေနဲ့ အတူ ရပ်ရင်း ရဲချုပ်က သူနုတ်ထွက်စာကို ဘိုဂိုတာမြို့က ရဲ ဌာနချုပ်ကနေ သမ္မတဆီ တင်ပြသွားမယ်လို့ ပြောပါတယ်။
စွဲချက်တွေကို တခုမှ မလုပ်ခဲ့ဘူးဆိုတာ အပြည့်အဝ သေချာတယ်လို့ တရားစီရင်ရေးနဲ့ စည်းမျဉ်း အာဏာပိုင်တွေကို ပြောခဲ့တယ်လို့ သူက ပြောပါတယ်။
သမ္မတကတော့ ဗိုလ်ချုပ်ကြီး ဟိုဟေးနီအေတိုကို ရဲချုပ်သစ်အဖြစ် နာမည်စာရင်း သွင်းခဲ့ပါတယ်။
အစိုးရ အရာရှိတွေရဲ့ တလွဲ လုပ်ဆောင်ချက်တွေကို စစ်ဆေးရသူ စုံစမ်းစစ်ဆေး ရေးမှူး ဗိုလ်ချုပ်ကြီး အလီဂျန်ဒရို အော်ဒိုနဲ့ဇ် က ဒီအမှုကို စုံစမ်းစစ်ဆေးနေကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကြေညာခဲ့တာပါ။
ဒီဂိုဏ်းဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ကြားမှာ လုပ်ငန်းဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ပါလိုမီနိုကတော့ ဒီစွဲချက်ကို အခြေအမြစ် မရှိဘူးလို့ သုံးနှုန်းခဲ့ပြီး ဒါဟာ ရဲတပ်ဖွဲ့ကို အယုံအကြည်မဲ့အောင် လုပ်ဖို့ ရည်ရွယ်တာသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
5 years Ago