အမျိုးသားနေ့

December 1, 2018

ကျောင်းသားနေ့မှသည် အမျိုးသားနေ့သို့

၁၉၂၀ ဒီဇင်ဘာ ၅ ရက်နေ့ ကောဇာသက္ကရာဇ် ၁၂၈၂ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ဟာ ပထမအကြိမ် ကျောင်းသားသပိတ်မှောက်တဲ့နေ့ကို အခြေခံပြီး အမျိုးသားနေ့ ဖြစ်ပေါ်လာတာ အားလုံးသိပြီးသား။ ပထမဆုံးသော ဗြိတိသျှနယ်ချဲ့ကို တော်လှန်တဲ့ သပိတ်ပွဲ ဖြစ်ခဲ့တာကို အလယ်တန်းအဆင့် ပညာသင်ဖူးသူတိုင်း သိပြီးဖြစ်တယ်။ ဒီတော့ ပထမအကြိမ် ကျောင်းသားသပိတ်အကြောင်းကို “မိကျောင်းမင်းရေကင်း” မပြချင်တော့ဘူး။ အဲ့ဒီအချိန်တုန်းကတော့ တက္ကသိုလ်ကျောင်းဆိုတဲ့ အသုံးကို မသုံးသေးဘူး။ အင်္ဂလိပ်အသံကို ဖလှယ်ပြီး ယူနီဗာစီတီကျောင်းတိုက်ကြီးလို့ပဲ ခေါ်သေးတဲ့ကာလပေါ့။ ကျောင်းတိုက်ကြီးကလည်း အခု ကမာရွတ်နေရာ မဟုတ်သေးဘူး။ အခု ဆေးရုံကြီးရှေ့က လက်ရှိအဆုတ်ဆေးရုံကြီးဟာ တချိန်က ရန်ကုန်ယူနီဗာစီတီပေါ့။ ကျောင်းသားတွေနေတဲ့ အဆောင်ကတော့ ယူနီဗာစီတီကောလိပ်ဝင်းထဲမှာ ရှိသလို “မေအောင်အဆောင်” လို့ခေါ်တဲ့ ယောက်ျားလေးအဆောင်ကတော့ ရွှေတိဂုံဘုရားလမ်း စိန်ရောင်ခြည်ဘုရားရဲ့ နောက်ဘက်မှာ ရှိတာပါ။ ဧက ၄၄၀ ကျော်ကျယ်တဲ့ ကမာရွတ် မရမ်းခြံကြီးကတော့ ကျောင်းဆောင်တွေဆောက်ဖို့ ဂရန်ဖောက်ပြီးကာစပဲ ရှိသေးတယ်လို့ ဆိုတယ်။ မြန်မာဘုရင်ခံမင်းကြီးအဖြစ် ဆာရယ်ဂျီနယ်ကရက်ဒေါက်ဖြစ်ပြီး ပညာမင်းကြီးက မစ္စတာဟန်းတား ဖြစ်တယ်။ ကျောင်းအုပ်ကြီးက မက်သရူးဟန်းတားပေါ့။ ဒီမှာ ဟန်းတား နှစ်ယောက်ဖြစ်နေတော့ အမှတ်မှားမှာစိုးရတယ်။ မြန်မာနိုင်ငံရေးသမားတွေ ကန့်ကွက်ခဲ့တဲ့သူက ပညာမင်းကြီး မစ္စတာဟန်းတားပါ။ ကျောင်းအုပ်ကြီး မက်သရူးဟန်းတား မဟုတ်။ မက်သရူးဟန်းတားက ကျောင်းသားတွေ ကျောင်းပြန်တက်ဖို့ ကျောင်းတက်ရင် လိုအပ်ချက်ကို တောင်းကြဖို့ ရွှေတိဂုံရှိ ကျောင်းသားသပိတ်မှောက်ရာအထိ သွားတွေ့ပြီး ပြန်ခေါ်ဖို့ ကြိုးစားခဲ့တဲ့သူပါ။ ၁၉၁၃ ခုနှစ်မှာ စတင်ထုတ်ဝေတဲ့ ရန်ကုန်ကောလိပ်မဂ္ဂဇင်း အမှတ် ၁ မှာ “တိုင်းပြည်လူငယ်တို့၏ စိတ်၌ မိမိကိုယ်ကျိုးထက် တိုင်းပြည်အကျိုး ထမ်းဆောင်ရမည့် တာဝန်ကြီးသည်ဟု စွဲမြဲထားရပေမည်။ မိမိ ဘယ်ဘဝရောက်ရောက် ရောက်ရာဘဝ ပတ်ဝန်းကျင် မိတ်သဟာတို့ သာယာရွှင်လန်းအောင် ဖန်တီးပေးကြရမည်” ဆိုတဲ့ သြဝါဒ ရေးသားပေးခဲ့တာ မက်သရူးဟန်းတားပါ။ လူထုကန့်ကွက်တဲ့ကြားထဲက တက္ကသိုလ်အက်ဥပဒေကို အတည်ပြုပေးခဲ့တာက ပညာမင်းကြီး မတ်ဟန်းတားပါ။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ဘုရင်ခံ ကရက်ဒေါက်ကိုယ်တိုင် အခမ်းအနားပြုလုပ် ဖွင့်ပွဲကျင်းပမှာ ဖြစ်တဲ့အတွက် ကျောင်းသားကြီး ၁၁ ဦးတို့ဟာ ကျန်ကျောင်းသားများနဲ့ တိုင်ပင်ပြီး ဒီဇင်ဘာ ၅ ရက်နေ့မှစပြီး ဘွိုင်းကောက် လုပ်လိုက်ကြတာပါပဲ။ ပထမကျောင်းသားသပိတ်နဲ့အတူ အမျိုးသားကျောင်းတွေ ပေါ်လာခဲ့တယ်။ ဒီသပိတ်စခန်းမှာပဲ သပိတ်မှောက်ကျောင်းသားတို့ရဲ့ စည်းဝေးပွဲကနေ သပိတ်စတင်မှောက်ခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ မြန်မာလို တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို နှစ်စဉ် ကျောင်းသားနေ့အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါနဲ့ပတ်သက်ပြီး အဲ့ဒီအချိန်က သပိတ်မှာပါဝင်ခဲ့သူ “ဆုပန်” က “သပိတ်မှောက်ကျောင်းသားတို့၏ သပိတ်စခန်း အစည်းအဝေးပွဲမှာဖြစ်သည်။ ကိုတင့် (နောင် မြို့မအမျိုးသားကျောင်း အထက်တန်းပြဆရာ) က တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို နှစ်စဉ် ကျောင်းသားနေ့ဟု သတ်မှတ်ရန် အဆိုပြုလျှက် အများသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ နောင်တနှစ်နီးပါးကြာလျှင် တမျိုးတဖုံ ပြောင်းလဲလာသည်” လို့ “အမျိုးသားနေ့ သမိုင်းရေစီးကြောင်း” ဆိုတဲ့ ဆောင်းပါးမှာ ရေးသားဖော်ပြထားပါတယ်။ ကျောင်းသားသပိတ်မှောက်တာ တနှစ်ပြည့်တဲ့အချိန်အထိ ကျောင်းတို့ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး နယ်ချဲ့အစိုးရထံက ဘာတုံ့ပြန်မှုမှ မရခဲ့ပါဘူး။ ၁၉၂၁ ခု နိုဝင်ဘာလထဲရောက်တော့ သရက်တောကျောင်းတိုက်မှာ ကျောင်းသားတွေ စုဝေးပြီး ရွှေတိဂုံအထိ ချီတက်ကြတယ်။ နှစ်စဉ်လည်း ကျောင်းသားနေ့အဖြစ် ဒီလိုပဲ ချီတက်ဂုဏ်ပြုကြရန် ဆုံးဖြတ်ခဲ့ကြတယ်။ အဲ့ဒီလိုအချိန်မှာပဲ ဂျီစီဘီအေ အသင်းချုပ်ကြီးကလည်း နဝမအကြိမ်မြောက် စည်းဝေးပွဲကြီးကို မန္တလေးမြို့မှာ ကျင်းပခဲ့တယ်။ အဲဒီစည်းဝေးပွဲကြီးက နေးရှင်းဒေး (National Day) ခေါ် အမျိုးသားနေ့တနေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်သင့်ကြောင်း ကန်ကြီးထောင့်မြို့ ကိုယ်စားလှယ် ဦးဘသော်က အဆိုပြုလွှာတင်တယ်။ ဦးဘစိန်က ထောက်ခံတယ်။ ဆွေးနွေးကြရာမှာ (၁) သီပေါမင်းပါတော်မူတဲ့နေ့ ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့် ၈ ရက်နေ့၊ (၂) ဦးဥတ္တမ ကိုယ်တော်ကြီး ထောင်ကျတဲ့နေ့၊ (၃) ကောလိပ်ကျောင်းသားများ သပိတ်မှောက်ခဲ့တဲ့ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ နေ့ကို ထားမလားဆိုပြီး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြင့်က “သီပေါမင်းပါတော်မူနေ့တို့၊ ဦးဥတ္တမ ကိုယ်တော်ကြီး ထောင်ကျတဲ့နေ့တို့မှာ ရှုံးနိမ့်ခြင်းဖြစ်၍ ထိုနေ့များကို မသတ်မှတ်သင့်ကြောင်း။ တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ခြင်းသည် ဗြိတိသျှတို့အား ပထမဦးစွာ တော်လှန်ပုန်ကန်ခြင်းမည်သည်။ သပိတ်မှောက်ခြင်းသည် ကျောင်းသားကိစ္စအတွက်သာမဟုတ်။ မြန်မာတမျိုးသားလုံးအတွက် အမျိုးဘာသာ၊ သာသနာ ကြီးပွားရှင်သန်ရန် တော်လှန်ခြင်းဖြစ်သည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများ စတင်သပိတ်မှောက်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို “အမျိုးသားနေ့” အဖြစ် သတ်မှတ်ရန် နောက်ဆုံး အဆိုပြုလိုက်သည်” လို့ သိမီသူ ဆောင်းပါးရှင် “ဆုပန်” က မှတ်တန်းတင်ခဲ့ပါတယ်။ ဒါပေမယ့် မန္တလေးစည်းဝေးပွဲကြီးမှာ ပြီးပြတ်အောင် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ၁၉၂၂ ခုနှစ် ဂျူဗလီဟောမှာ စည်းဝေးပွဲတရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။ မန္တလေးစည်းဝေးပွဲက မပြီးပြတ်သေးတဲ့ အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို အပြီးပြတ်ဆောင်ရွက်ဖို့ သတ်မှတ်ရန် ရက်ရွေးချယ်ပေးကြရန်၊ ဖော်ပြပါသုံးမျိုးထဲက တရက်ရက်ကို ရွေးချယ်ဆုံးဖြတ်ကြရန် ဆွေးနွေးကြပါတယ်။ ၁၉၂၀ ပထမကျောင်းသားသပိတ်ခေါင်းဆောင် ဦးဘဦးကတော့ “အင်္ဂလိပ်လက်ထက် မြန်မာပြည်အရပ်ရပ်ရှိ နိုင်ငံရေးအသင်းများ၏ ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ၁၉၂၁ ခုနှစ် အောက်တိုဘာလအတွင်း မန္တလေးမြို့၌ ကျင်းပသည့် ပြည်လုံးကျွတ် နှစ်ပတ်လည် ညီလာခံသဘင်ကြီးတွင် ကန့်ကွက်သူမရှိ တညီတညွတ်တည်း ထိုကောလိပ်ကျောင်းသားကြီးများ သူတို့၏ကျောင်းများ သပိတ်မှောက်ကာ ထွက်လာသော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို မြန်မာအမျိုးသားအောင်ပွဲနေ့ဟု သတ်မှတ်ဆုံးဖြတ်လိုက်သည်” လို့ ဖော်ပြထားပါတယ်။ တကယ်တော့ မန္တလေးစည်းဝေးပွဲရဲ့ ဆုံးဖြတ်ချက်ကို ဂျူဗလီဟော စည်းဝေးပွဲက အတည်ပြုပေးလိုက်ပြီး မြန်မာတပြည်လုံးကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်ပါတယ်။ ကျောင်းသားသပိတ်မှောက်တဲ့နေ့ကို အမျိုးသားနေ့အဖြစ် အဆိုပြု ပြောဆိုခဲ့တဲ့ သပိတ်မှောက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြင့်ကို အဲဒီအချိန်ကစပြီး “နေရှင်နယ်ဦးမြင့်” ရယ်လို့ ဂုဏ်ပြုခေါ်ခဲ့ကြပါတယ်။ အဲဒီလို ကြေညာလိုက်တဲ့ အချိန်ကစပြီး ကျောင်းသားနေ့မှသည် ပိုမိုကျယ်ပြန့်တဲ့ အမျိုးသားနေ့ ဖြစ်ပေါ်လာကြာင်း သမိုင်းတကွက်ကို ဖြည့်စွက်တင်ပြလိုက်ပါတယ်။ အိုးဝေရွှေရတုသဘင် လက်ရွေးစဉ်ဆောင်းပါးများကို အခြေပြုပါတယ်။ ဆရာဋ္ဌေး
3 years Ago

September 3, 2015

ဗီယက်နမ် နှစ် ၇၀ ပြည့် အမျိုးသားနေ့ ချီတက်ပွဲ ၃၀၀၀၀ ကျော် ဆင်နွှဲ

ဗီယက်နမ် နိုင်ငံရဲ့ အနှစ် ၇၀ ပြည့် အမျိုးသားနေ့ အခမ်းအနားကို စက်တင်ဘာ ၂ ရက်နေ့က ဟနွိုင်းမြို့တော်မှာ စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ အမျိုးသားနေ့ ချီတက်ပွဲကို ဗီယက်နမ်နိုင်ငံခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ ဂူဗိမာန်ရှေ့မှာ ကျင်းပခဲ့ကြပြီး ပါဝင်ချီတက်သူ ၃၀၀၀၀ ကျော် ရှိခဲ့ပါတယ်။ ဗီယက်နမ် အမျိုးသားနေ့ဟာ ပြင်သစ်ကိုလိုနီလက်အောက်ကနေ ဗီယက်နမ်နိုင်ငံက လွတ်လပ်ရေး ကြေညာခဲ့တဲ့ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ကို သတ်မှတ်တာပါ။ အမျိုးသားနေ့ကို တက်ရောက်လာတဲ့ ဗီယက်နမ် အမျိုးသားတဦးကတော့ “ဗီယက်နမ် လွတ်လပ်ရေး ကြေညာခဲ့တာ အခုဆိုရင် အနှစ် ၇၀ တင်းတင်း ပြည့်မြောက်ပါပြီ။ ဗီယက်နမ်နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကြေညာနိုင်ခဲ့တာ ဗီယက်နမ်ပြည်သူတွေ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူကြတယ်၊ ဗီယက်နမ်ဟာ နိုင်ငံငယ် ဖြစ်ပေမယ့် ကျူးကျော်သူတွေ ဘယ်လောက်ပဲ အင်အားကြီးပါစေ တွန်းလှန် အောင်နိုင်ခဲ့တယ်။” လို့ ပြောပါတယ်။ ဒီအနှစ် ၇၀ ပြည့် ဗီယက်နမ်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်နဲ့ နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး အပါအ၀င် နိုင်ငံတ၀န်း အကျဉ်းသား ၁၈၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ ဗီယက်နမ် တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေတော့ မပါဝင်ခဲ့ပါဘူး။ အာရှဒေသကို လွှမ်းမိုးဖို့နဲ့ ပြိုင်ဘက် တရုတ်ကို အထီးကျန်ဖြစ်ရေး ကြိုးစားနေတဲ့ အမေရိကန်နိုင်ငံက ဗီယက်နမ်နိုင်ငံကို စည်းရုံးနေပေမယ့် ဗီယက်နမ် လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအကျဉ်းသား ပြဿ      နာကတော့ ၂ နိုင်ငံကြား အငြင်းပွားစရာကိစ္စ ဖြစ်နေဆဲ ဖြစ်ပါတယ်။
6 years Ago
Up