အမျိုးသားလွှတ်တော်

March 14, 2019

လက်ထပ်နိုင်သည့် အသက်အရွယ် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်ဟု အမျိုးသားလွှတ်တော် အတည်ပြု

မြန်မာနိုင်ငံမှာ အမျိုးသမီး၊ အမျိုးသားတွေ လက်ထပ်နိုင်တဲ့ အသက်အရွယ်ကို အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ အမျိုးသားလွှတ်တော်က မတ်လ ၁၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုဖို့ မနေ့က အမျိုးသားလွှတ်တော်မှာ တပိုဒ်ချင်းစီ အဆုံးအဖြတ်ရယူ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်တာပါ။ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက်ဟာ တည်ဆဲဥပဒေတွေနဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေမှာ အသက်နဲ့စပ်လျဉ်းတဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်နဲ့ အညီဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထိမ်းမြားလက်ထပ်တဲ့စာချုပ် ချုပ်ဆိုပြီး လက်ထပ်တာ သို့မဟုတ် ကတိသစ္စာပြုပြီး ထိမ်းမြားတာဖြစ်ရင် ထိမ်းမြားလက်ထပ်ဖို့ ပဋိညာဉ်ပြုနိုင်တဲ့ အသက်ဟာ ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့ ဒီပုဒ်မ ၂၃ ပါ အသက်ကန့်သတ်ချက်နဲ့ ပတ်သက်ပြီး ပယ်ဖျက်ဖို့ ပြင်ဆင်ချက်တင်ထားတာ ရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ ပြင်ဆင်ချက်တင်ထားတာလည်း ရှိပါတယ်။ တချို့လွှတ်တော်ကိုယ်စားလှယ်တွေကတော့ တည်ဆဲဥပဒေတွေနဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေမှာ ဘယ်လိုပဲပြဋ္ဌာန်းထားထား လက်ထပ်နိုင်တဲ့ အသက်ဟာ ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ ပြင်ဆင်ချက်တင်ခဲ့သလို ပြည်သူ့လွှတ်တော်က ပြင်ဆင်ထားတဲ့အတိုင်း အတည်ပြုဖို့ တင်ပြတဲ့ ကိုယ်စားလှယ်လည်း ရှိတာကြောင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရတာပါ။ အခုလို လက်ထပ်နိုင်တဲ့အသက်ကို ၁၈ နှစ်လို့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသွားပြီး ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ခံယူရမှာ ဖြစ်ပါတယ်။
2 years Ago

February 8, 2019

တရားသူကြီးများ တရားခွင်တွင် ကျမ်းကျိန်ရန် အမျိုးသားလွှတ်တော် အတည်ပြု

တရားသူကြီးတွေအနေနဲ့ တရားခွင်မှာ ကျမ်းသစ္စာကျိန်ဆိုကြဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ပြည်သူတွေ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ပေါ်စေဖို့ တရားသူကြီး၊ အမှုသည်နဲ့ သက်သေတွေ တရားခွင်မှာ ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး တရားသူကြီးတွေဟာ စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက ကျမ်းကျိန်ပြီးဖြစ်တာကြောင့် မှတ်တမ်းအဖြစ်ထားဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက ပြောပေမယ့် အဆိုရှင်က လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူမယ်လို့ ဆိုတဲ့အတွက် မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲများလို့ အဆိုကို အတည်ပြုလိုက်တာပါ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က “အခုလို အဆိုကို လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး ဖြစ်မဖြစ် ဆိုတာကတော့ တရားစီရင်ရေးအာဏာကို ကျင့်သုံးတဲ့သူတွေပေါ်မှာပဲ မူတည်တယ်။ တရားလွှတ်တော်ချုပ် အပိုင်းကနေ တခြားအပိုင်းတွေကနေ ထိန်းကျောင်းတာတွေလည်း လုပ်ဆောင်နေတယ်” လို့  ပြောပါတယ်။ လက်ရှိတရားခွင်တွေမှာ တရားသူကြီးတွေဟာ ကျမ်းကျိန်တာမရှိဘဲ အမှုတွေကို စီရင်နေတာ ဖြစ်ပါတယ်။ ဒီအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၁၄ ဦး ထောက်ခံဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်တာမှာလည်း ထောက်ခံမဲ ၁၆၅ မဲ၊ ကန့်ကွက်မဲ ၉ မဲနဲ့ ကြားနေမဲ ၃ မဲ ရှိခဲ့ပါတယ်။
2 years Ago
More News
Up