အမျိုးသားလက်နှစ်ဖက် ဆုံးရှုံး

February 7, 2018

လှောင်အိမ်ထဲမှ ကျားကိုက်ခံခဲ့ရသည့် အမျိုးသား လက် ၂ ဖက် ဆုံးရှုံး

ဂွါတီမာလာနိုင်ငံမှ အလုပ်သမားအမျိုးသားတဦးဟာ လှောင်အိမ်ထဲမှ ကျားတွေကို အစာကျွေးချိန်မှာ အကိုက်ခံရပြီး လက် ၂ ဖက်လုံး ဆုံးရှုံးခဲ့ရတယ်လို့ မေရာသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ အသက် ၅၅ နှစ်အရွယ် အလုပ်သမား ဆစ်ပရီယာနို အယ်လ်ဗာရက်စ်ဟာ ကျားတွေကို နှစ်ကာလရှည်ကြာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သူတဦးဖြစ်ကာ အဲဒီနေ့ကတော့ လှောင်အိမ်ထဲမှ ကျားတွေ သောက်ဖို့ ရေပုံးကို ထည့်သွင်းချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။ အနီးအနား မျက်မြင်တွေ့ရှိသူတွေက ကျားတွေကို တုတ်တွေနဲ့ ရိုက်၊ ခဲလုံးတွေနဲ့ ပစ်ပေါက်ပြီး ခြောက်လှန့်ကာ သေဘေးက လွတ်အောင် ကူညီခဲ့ကြရတာ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဆစ်ပရီယာနိုဟာ ကျားတွေလက်က လက်မြောက်ခဲ့ပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ ဆေးရုံဆီ ပို့ဆောင်ခဲ့ကြပေမယ့် လက်တွေကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တဲ့အတွက် အသုံးပြုလို့ မရနိုင်တော့ပါဘူး။ သူဟာ ကျား ၁၃ ကောင်ကို ထိန်းကျောင်းအစာကျွေးဖို့ ဆပ်ကပ်ပိုင်ရှင်ဆီကနေ လွန်ခဲ့တဲ့ ၂ လလောက်က သဘောတူထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့်တော့ သံတိုင်ကြားက အစားအစာ ပန်းကန်တွေကို သံတုတ်နဲ့ ဖယ်ရှားလေ့ရှိတယ်လို့ သားဖြစ်တဲ့ ဗစ်တာဟူးဂိုးက ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဖခင်ဖြစ်သူဟာ ပိုင်ရှင်တွေဆီက ကျားတွေကို အစားအစာ ၂ ရက်ကျွေး၊ နောက်တရက်ကို မကျွေးဘဲထားဖို့ ညွှန်ကြားထားခံခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သက်ဆိုင်ရာက ခုလို သားရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းထားရှိတာနဲ့ ပတ်သက်ပြီး တရားဝင် ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဆပ်ကပ်ရုံက ကျားပိုင်ရှင်တွေကတော့ ဆစ်ပရီယာနိုရဲ့ ကျန်းမာရေးအတွက် ကုန်ကျစရိတ်တွေ အားလုံးကို ကျခံပေးသွားဖို့ သဘောတူလိုက်ပြီ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up