အမျိုးသားတိုးတက်ရေးပါတီ

May 31, 2019

အစိုးရအပေါ် မုန်းထားအောင် ဦးဝီရသူ လှုံ့ဆော်ခဲ့ခြင်းမရှိဟု အမျိုးသားတိုးတက်ရေးပါတီ ထုတ်ပြန်

ဆရာတော်ဦးဝီရသူဟာ  အစိုးရအပေါ် မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် လှုံ့ဆော်ခဲ့တာမရှိဘဲ အစိုးရရဲ့ ဆောင်ရွက်ချက်အစီအစဉ်ကို ဥပဒေနဲ့ ညီတဲ့ နည်းနဲ့ ပြောင်းလဲပြုပြင်စေဖို့ ရည်ရွယ်ပြီး ထုတ်ဖော်ပြောဆိုခဲ့တာသာ ဖြစ်တယ်လို့ အမျိုးသားတိုးတက်ရေးပါတီက ကြေညာပါတယ်။ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)လုံး ကာကွယ်စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒ ဖော်ထုတ်ပွဲမှာ ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေး  မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲထားတဲ့အပေါ် သဘောထားထုတ်ပြန်လိုက်တာပါ။ လူထုဆန္ဒထုတ်ဖော်ပွဲမှာ ဆရာတော်ဟာ တရားဝင်ခွင့်ပြုချက်တင်ပြီး ပါဝင်ဟောပြောခဲ့တာ ဖြစ်သလို ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်တွေကို ဘာကြောင့် ပြင်သင့်တယ်၊ မပြင်သင့်ဘူး ဆန္ဒထုတ်ဖော် ခဲ့တာသာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဆရာတော်ဟာ အဘိဝံသဘွဲ့ရ စာချဆရာတော် တပါးရဲ့ စိတ်ဓာတ်အရ ဗုဒ္ဓမြတ်စွာ သာသနာတော်အတွက်သာ သစ္စာပြုနိုင်မှာဖြစ်လို့ သစ္စာမဲ့တာ မဟုတ်တဲ့အကြောင်း၊ အငြှိုးထားတာ၊ လက်စားချေတာ အစရှိတဲ့ သံသရာပါမယ့် ကိစ္စတွေကို ဆရာတော်က ဘုရားသားတော်တပါးဖြစ်တဲ့ အားလျော်စွာ လုပ်ကိုင်ဆောင်ရွက်ဖို့ ခဲယဉ်းမယ်လို့ လည်း ဆိုပါတယ်။ ဒါကြောင့် တရားစီရင်ရေးမဏ္ဍိုင် မှန်ကန်စွာရပ်တည်ဖို့ လိုအပ်ကြောင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော်မှုကို လက်ခံဖို့ လိုအပ်တယ်လို့လည်း မေလ ၃၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ပါတီ ဗဟို အလုပ်ဆောင်ကော်မတီရဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဦးဝီရသူရဲ့ ဟောပြောချက်တွေမှာ ရုန့်ရင်းကြမ်းတမ်းတဲ့စကား အသုံးအနှုန်းတွေ ပါဝင်တဲ့ အတွက် ဗုဒ္ဓဘာသာဝင် သံဃာတော် တပါးအနေနဲ့ မသင့်တော်တဲ့ အကြောင်း လူမှုကွန်ရက်တွေမှာ ဝေဖန်နေကြတာဖြစ်ပါတယ်။
2 years Ago

December 8, 2016

အမျိုးသားတိုးတက်ရေးပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ၆ နေရာယှဉ်ပြိုင်မည်

  အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ လာမယ့် ဧပြီလကျင်းပမယ့် ရွေးကောက်ပွဲမှာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ် ကော့မှူးအပါအ၀င်  ၆ နေရာမှာ ပါဝင်ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့ ပါတီက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတော့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဦးမျိုးမောင်မောင်စိုး၊  ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာ အတွက် ဦးသဲမောင်မောင်ထက်နဲ့  မုံရွာပြည်သူ့လွှတ်တော်နေရာအတွက် ဦးညွန့်လှိုင်တို့ဖြစ်ပါတယ်။ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆) နေရာအတွက်တော့ ဦးသက်ထွန်း၊ ပဲခူးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) နေရာအတွက် ဒေါက်တာလှမိုးနဲ့ ကယားပြည်နယ် လွှတ်တော်အတွက် ဦးဆူရယ်တို့ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်လှုပ်ရှားမှုတွေကို လာမယ့် ၃၀ရက်နေ့ စတင်လုပ်ဆောင်မယ်လို့ ပါတီရဲ့  အထွေထွေအတွင်းရေးမှူး ဦးအောင်ဖြိုးကျော် က ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်တို့က ကိုယ်စားလှယ်လောင်းတွေ နေရာပြည့်ဝင်မပြိုင်ဘူးလေ ကိုယ်နိုင်လောက်မယ် ထင်တဲ့ နေရာကိုဘဲ ဦးစားပေးပြီးအဓိက၀င်ပြိုင်တာပါ၊ အဲဒီနေရာတွေမှာလည်း နိုင်မဲတွေရအောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ကျနော်တို့ အသေးစိတ် ဆောင်ရွက်သွားမှာပါ။ အဲဒီအတွက် မဲဆွယ်အစီအစဉ်တွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ကို အချိန်နဲ့ တပြေးညီတင်ပြပြီးတော့ လုပ်သွားမှာပါ ” ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းတွေအနေနဲ့ စီးပွားရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိက ဦးစားပေးထောက်ပြသွားမယ်လို့ လည်းပြောပါတယ်။ “ကျနော်တို့ပါတီကိုယ်စားပြု ၀င်ပြိုင်ပြီဆိုကတည်းက ကျနော်တို့က ပညာတတ်တွေနဲ့ ဖွဲ့စည်း ထားတယ်၊ ပညာရှိအသွင်သဏ္ဍာန်နဲ့ပဲ ကျနော်တို့က ဆောင်ရွက်သွားမယ်။ သက်ဆိုင်ရာ လစ်ဟာ နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေပိုင်းကိစ္စရပ်တွေ တခြားဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို ကျနော်တို့က လွှတ်တော်ထဲမှာလည်း ၀င်ပြီးတော့ ဆောင်ရွက်မယ်။ လွှတ်တော်ပြင်ပမှာလည်း အချို့နေရာတွေမှာ ၀င်ပြီးတော့ တင်ပြထောက်ပြမယ်။  လက်ရှိအစိုးရအနေနဲ့လုပ်နေတဲ့ ကောင်းတဲ့ ဟာမျိုးတွေကိုလည်း ထောက်ခံပေးမယ်။ လက်ခုတ်တီးပေးမယ်။ တကယ်လို့ လစ်ဟာသွားတဲ့ ဟာမျိုးတွေရှိရင်လည်း ထောက်ပြပေးမယ် အဲဒါပြည်သူလူထုကို ကိုယ်စားပြုမှာပါပဲ။” ဒေါက်တာနေဇင်လတ်ခေါင်းဆောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရခဲ့ခြင်းမရှိပါဘူး။ လာမယ့် ဧပြီ ၁ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၂၀ လောက်အတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။
5 years Ago
Up