အမျိုးသမီး၃ဦး ဓမ္မကျင့်ခံရ

June 23, 2018

အိန္ဒိယတွင် တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၃ ဦး အုပ်စုဖွဲ့ အဓမ္မကျင့်ခံရ

လူကုန်ကူးမှုတိုက်ဖျတ်ရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေ အုပ်စုဖွဲ့ အဓမ္မကျင့်ခံခဲ့ရတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ဇွန် ၂၂ ရက်နေ့မှာ ပြောကြောင်း စီအန်အန် သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံအ ရှေ့ပိုင်းဂျာဟာခန်း ပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီပြည်နယ်ဟာ ပြီးခဲ့တဲ့လ ဆယ်ကျော်သက် ၂ ဦး အဓမ္မကျင့် မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့နေရာလည်း ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေကို အုပ်စုဖွဲ့အဓမ္မကျင့်မှုဟာ ပြည်နယ်ထဲက လူမျိုးစုတွေ နေထိုင်ရာ ကျေးရွာတခုမှာဖြစ်ပွားခဲ့ကြောင်း ဂျာဟာခန်း ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတဦးက ပြောပါတယ်။ အုပ်စုဖွဲ့ အဓမ္မကျင့်ခံရတဲ့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးတို့ဟာ လူကုန်ကူးမှုနဲ့ သက်ဆိုင်တဲ့ ပြဇာတ်တခုကို လမ်းဘေးတနေရာမှာ သရုပ်ဖော်ပညာပေးမှု ပြုလုပ်နေချိန်မှာ လက်နက်ကိုင်အုပ်စုတစ်စုက ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာပြီး သူတို့ ပြဇာတ်ကို နှောင့်ယှက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ လက်နက်ကိုင်တွေက သူတို့ ၅ ဦးလုံးကို အနီးအနားက တောထဲ ခေါ်သွားပြီး အမျိုးသမီး ၃ ဦးကို အဓမ္မကျင့်ကာ အမျိုးသားတွေကို ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလိုပြုလုပ်ပြီး ၃ နာရီအကြာမှ သူတို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများစွာနဲ့ ရုန်းကန်နေရတဲ့ နိုင်ငံတခုဖြစ်ပြီး အခုဖြစ်စဉ်ဟာ အိန္ဒိယတနိုင်ငံလုံးကို တုန်လှုပ်သွားစေတဲ့ နောက်ထပ် အဓမ္မမှုတခုပဲဖြစ်ပါတယ်။ အနိုင်ကျင့်မှုနဲ့ကြုံတွေ့ခဲ့ရသူ ၅ ဦးဟာ Asha Kiran လို့ခေါ်တဲ့  NGO အဖွဲ့စည်းတခုမှာ အလုပ်လုပ်နေသူတွေ ဖြစ်ပါတယ်။ Asha Kiran အဖွဲ့ဟာ အလုပ်ရှာဖို့ နေအိမ်ကနေ ထွက်လာတဲ့ အမျိုးသမီးများကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့စည်းတခုလည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ ရာဇဝတ်ဗျူရို မှတ်တမ်းတွေအရ အိန္ဒိယနိုင်ငံတွင်း နေ့စဉ် အဓမ္မကျင့်မှု ဖြစ်ပွားနေပြီး တိုင်ကြားမှု ၁၀၀ လောက် ရှိတယ်လို့လည်း သိရပါတယ်။
3 years Ago
Up