အမျိုးသမီးတွေ ကားမောင်းတာကို တားဆီးထားတဲ့ ဆော်ဒီအာရေဗျနိုင်ငံကို ဘရူနိုင်း တော်ဝင်လေကြောင်းလိုင်းက အမျိုးသမီးတွေ သီးသန့်မောင်းနှင်တဲ့ လေယာဉ်တစီး ဆင်းသက်ပြီး သမိုင်းတခု တည်ထောင်လိုက်ပါတယ်။
ဘိုးအင်း ၇၈၇ လေယာဉ်ကို အမျိုးသမီး လေယာဉ်မောင်းသမား ၃ ဦးက မောင်းနှင်ပြီး ဘရူနိုင်းကနေ ဂျေဒါကို ပျံသန်းခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်က ဘရူနိုင်းလွတ်လပ်ရေးနေ့ကို ဆင်နွှဲတဲ့ အထိမ်းအမှတ် ဖေဖော်ဝါရီ ၂၃ ရက်က ပျံသန်းခဲ့တာဖြစ်ပြီး နိုင်ငံတကာ သတင်းတွေမှာတော့ မတ် ၁၆ ရက်က စတင်ဖော်ပြထားပါတယ်။
အမျိုးသမီးလေယာဉ်ကပ္ပတိန် ရှာရီဖာ ဇာရန်နာ ဆူရန်နီက ပထမဆုံးသော အမျိုးသမီးလေယာဉ်မှူး ဖြစ်လာခဲ့ပြီး ၃ နှစ်အကြာမှာ အမျိုးသမီး လေယာဉ်မှူးတွေ မောင်းနှင်တဲ့ လေယာဉ်ကို ဦးဆောင်မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
ဘရူနိုင်းအမျိုးသမီးတဦးအနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုဖြစ်သလို ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေအတွက် ဘာပဲ အိပ်မက်မက်မက် ဖြစ်နိုင်တယ်ဆိုတာကို ပြလိုက်တာလို့ သူက ပြောပါတယ်။
တော်ဝင်ဘရူနိုင်း လေကြောင်းလိုင်းကလည်း အမျိုးသမီးတွေကို လေယာဉ်လုပ်ငန်းအတွင်းမှာ ပိုမိုပါဝင်လာတာကို မြင်တွေ့လိုနေပါတယ်။
ဆော်ဒီအာရေဗီးယားမှာတော့ အမျိုးသမီးတွေ ကားမမောင်းဖို့ ဥပဒေနဲ့ တားမြစ်ထားတာ မရှိပေမယ့် ရှေးရိုးစွဲ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေက တားမြစ်ထားတာလည်း ဖြစ်ပါတယ်။
5 years Ago