အမျိုးသမီးဘောလုံး

A d v e r t i s e m e n t With Us

December 23, 2016

အာရှယူ-၁၉ အမျိုးသမီးဘောလုံး ခြေစစ်ပွဲတွင် မြန်မာက ကာဂျစ္စတန်ကို ၄ ဂိုး ဂိုးမရှိဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုဒုတိယပွဲကို ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မှာ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းက ကာဂျစ္စတန်အမျိုးသမီး ယူ-၁၉ အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းဟာ ကာဂျစ္စတန်အသင်းရဲ့ ခံစစ်ကစားပုံကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၂၂ မိနစ်မှာ ကာဂျစ္စတန်ဂိုးသမား ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် ဦးဆောင်ဂိုး စတင်ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်း ပိုမိုဖိအားပေး တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ကာဂျစ္စတန်က ၈ ဦးလောက်အထိ ခံစစ်ကစားခဲ့တာကြောင့် နောက်ထပ် အနိုင် ၃ ဂိုးပဲ ရရှိခဲ့တာပါ။ ဒီဂိုးတွေကို ပါလက်စတိုင်းနဲ့ပွဲမှာ ၅ ဂိုးသွင်းခဲ့တဲ့ ဂျူလိုင်ကျော်ကပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ယှဉ်ပြိုင်သွားတဲ့ ပွဲစဉ်မှာတော့ ထိုင်းအသင်းက ပါလက်စတိုင်းအသင်းကို ၉ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ရမှတ် ၆ မှတ်စီ တူနေပေမယ့် ထိုင်းအသင်းက ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမ၊ မြန်မာက ဒုတိယ၊ ကာဂျစ္စတန်နဲ့ ပါလက်စတိုင်းအသင်းတို့က အမှတ်မရသေးဘဲ အုပ်စုတတိယနဲ့ စတုတ္ထနေရာတွေမှာ ရပ်တည်နေပါတယ်။ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ထိုင်းအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရမှ နောက်တဆင့်ကို တက်ရောက်နိုင်မှာပါ။ အနိုင်ရရှိဖို့ အခြေအနေ ၅၀ ရာခိုင်နှုန်းစီဖြစ်ပြီးတော့ တဘက်အမှားကို စောင့်ကြည့်ကစားသွားမယ်လို့ မြန်မာနည်းပြချုပ်က ပြောပါတယ်။ အုပ်စုပထမရတဲ့ အသင်းတသင်းပဲ လာမယ့် ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲတွေကို ယှဉ်ပြိုင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာ ၂၄ ရက်မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး ညနေ ၃ နာရီမှာ ကာဂျစ္စတန်နဲ့ ပါလက်စတိုင်း ညနေ ၆ နာရီမှာ မြန်မာနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ သတင်း - လွှမ်းမိုးအောင်၊ ထက်လူ ရုပ်သံ - အမ်အက်ဖ်အက်ဖ်
4 years Ago

December 21, 2016

အာရှ ယူ-၁၉ အမျိုးသမီးဘောလုံး ခြေစစ်ပွဲတွင် မြန်မာက ပါလက်စတိုင်းကို ၁၀ ဂိုးပြတ်ဖြင့်နိုင်

အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွေကို ဒီဇင်ဘာ ၂၀ ရက်က စတင်ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းက ပါလက်စတိုင်းအမျိုးသမီး ယူ-၁၉ အသင်းကို ၁၀ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းဟာ ပွဲအစပိုင်းမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် ပွဲချိန် ၂၅ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ အနိုင်ဂိုးတွေ ဆက်တိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပိုင်းမှာ ၆ ဂိုး ထပ်သွင်းခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၃၃၊ ၃၆၊ ၄၇၊ ၅၈ နဲ့ ၆၉ မိနစ်တွေမှာ ဂျူလိုင်ကျော်က ၅ ဂိုး၊ ပွဲချိန် ၂၅၊ ၈၆ နဲ့ ၉၀ မိနစ်တွေမှာ နုနုက ၃ ဂိုး၊ ပွဲချိန် ၃၉ မိနစ်မှာ ရွှေမိုးအေးနဲ့ ပွဲချိန် ၉၄ မိနစ်မှာ သဉ္ဇာချိုတို့က တဂိုးစီ သွင်းယူခဲ့ကြတာပါ။ ခြေစစ်ပွဲ ပထမပွဲစဉ်အဖြစ် ညနေ ၃ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ထိုင်းယူ-၁၉ နဲ့ ကာဂျစ္စတန်ယူ-၁၉ ပွဲမှာတော့ ထိုင်းအသင်းက ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်တွေ ကစားအပြီးမှာ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ရမှတ် ၃ မှတ်စီ တူနေပေမယ့် မြန်မာအသင်းက ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမ၊ ထိုင်းက ဒုတိယ၊ ကာဂျစ္စတန်နဲ့ ပါလက်စတိုင်းအသင်းတို့က အမှတ်မရသေးဘဲ အုပ်စုတတိယနဲ့ စတုတ္ထနေရာတွေမှာ ရပ်တည်နေပါတယ်။ အုပ်စုပွဲစဉ်တွေ ကစားအပြီးမှာ အုပ်စုပထမအသင်းတသင်းပဲ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲတွေကို ယှဉ်ပြိုင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ ဒုတိယမြောက်ပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး ညနေ ၃ နာရီမှာ ထိုင်းနဲ့ ပါလက်စတိုင်း၊ ညနေ ၆ နာရီမှာ မြန်မာနဲ့ ကာဂျစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
4 years Ago
More News
Up