အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလဆန်းတွင် ကျင်းပရန်စီစဉ်

A d v e r t i s e m e n t With Us

October 31, 2016

အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလဆန်းတွင် ကျင်းပရန်စီစဉ်

အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲကို အသင်း ၆ သင်းနဲ့ လာမယ့် ဒီဇင်ဘာလဆန်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ အသင်း ၃ သင်းပဲ ဝင်ပြိုင်ဖို့ စာရင်းပေးထားတဲ့အတွက် တခြားအသင်းတွေကို ယှဉ်ပြိုင်လိုခြင်း ရှိ၊ မရှိ မေးမြန်းထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။ “ကျနော်တို့ဆီကို တရားဝင် စာနဲ့ Confirmation ပေးထားတာတော့ အသင်း ၃ သင်း ရှိတယ်ပေါ့နော်။ မြဝတီက ၂ သင်းဝင်မယ်။ ဇွဲကပင် ရှိတယ်ပေါ့နော်။ တခြား ကျနော်တို့ စောင့်နေတာကတော့ အား/ကာသိပ္ပံ ၂ သင်းရယ်၊ နောက်ထပ် ပြည်ထဲရေးကလည်း သူတို့ဝင်မယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ပြောထားတဲ့ Date မှာတော့ Confirmation မပေးသေးဘူး။ ကျနော်တို့အနေနဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ထပ်စောင့်ပြီးတော့ သူတို့ကို ပါဝင်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိ ဆိုတာကို ထပ်မေးထားတယ်။ ဆိုတော့ ကျနော်တို့ ၆ သင်းလောက်နဲ့ လုပ်ချင်တယ်။ ကစားသမားခွဲတမ်းကတော့ အသင်းတွေအားလုံးလည်း မျှတသွားအောင် ဆိုပြီးတော့ ကျနော်တို့က ကစားသမားကို Category A, B, C နဲ့ ခွဲလိုက်မယ်ပေါ့နော်။ A အဆင့်ကတော့ လက်ရွေးစင်ကစားသမားနဲ့ လက်ရွေးစင် ယူ-၁၉ ကစားသမား A အဆင့်။ နောက်ပြီးတော့ လက်ရွေးစင် ယူ-၁၆ ကစားသမားကို B အဆင့်နဲ့ တခြားကစားသမားကို C အဆင့် သတ်မှတ်တယ်။ သတ်မှတ်ပြီးတော့ ကျနော်တို့က Regulation မှာ ထည့်ပြီးဆွဲထားတာကတော့ A အဆင့် ကစားသမားက အသင်း ၁ သင်းမှာ အများဆုံး ၁၀ ယောက်ပဲ ပါရမယ်ပေါ့နော်။ ဒါက လောလောဆယ် လျာထားတာပေါ့။” မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ အမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပဖို့အတွက် ၂၀၁၁ ခုနှစ်ကတည်းက စတင်စီစဉ်နေတာပါ။ ဘောလုံးအသင်းတသင်း ထောင်ဖို့ဟာ လွယ်ကူတဲ့အခြေအနေ မဟုတ်ပေမယ့် တနှစ်ပတ်လုံး ပြိုင်ပွဲရှိဖို့ လိုအပ်တာကြောင့် လိဂ်ပြိုင်ပွဲ ကျင်းပရတာ ဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။ “အခု ဒီအမျိုးသမီးလိဂ်ဆိုတာက မလုပ်လို့ကို မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိဂ်ကွန်ပိတေးရှင်း (League Competition) က တနှစ်ပတ်လုံး ကစားနေမှပဲ ကစားသမားကောင်းတွေ ထွက်မှာ။ သို့သော်လည်း အသင်း ၁ သင်း ထောင်ဖို့ဆိုတာက အပျော်တမ်းအသင်းလေး ၁ သင်းတောင် မလွယ်တဲ့ကိစ္စ။ ပရော်ဖက်ရှင်နယ် ဖြစ်ဖို့ဆိုတာက နောက် ဆပ်စတိန်း (Sustain) ဖြစ်ဖို့ပေါ့။ လိဂ်တွေမှာ ဒီလိုအသင်းတွေ ဆက်တိုက်ရှိနေဖို့။ ငွေကြေးတခုကို တယောက်ယောက်က ပေးနေရက်နဲ့ အောင်မြင်အောင် မလုပ်နိုင်တာက တကိစ္စ။ အခုက ငွေကြေးလည်းရှာရတယ်။ အောင်မြင်အောင်လည်း လုပ်ရတယ်။ ကစားသမားတွေနဲ့ပတ်သက်တဲ့ Development လည်း လုပ်ရတယ်။ Infrastructure ဆိုလည်း တတ်နိုင်တဲ့ဘက်က ကိုယ့်ဟာနဲ့ကိုယ် ရုန်းလုပ်ရတယ်။ ဘောလုံးကွင်းတွေ ဘာတွေက အစ။ ကျနော်တို့မှာ အခက်အခဲ အများကြီး ရှိပါတယ်။ အဲဒီကြားထဲကပဲ ဒီအဖွဲ့အစည်းကို တည်တည်ငြိမ်ငြိမ်နဲ့ ဂုဏ်သိက္ခာမပျက်အောင် ယှဉ်ပြိုင်လို့ရအောင် ကျနော်တို့အနေနဲ့ ကြိုးစားပြီး လုပ်နေတာပါ။” မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ပြည်တွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် အသင်းမရှိတာကြောင့် ပြည်ပနိုင်ငံတွေမှာပဲ ခြေစမ်းပွဲတွေ ကစားနေရတာပါ။ အာဆီယံနိုင်ငံတွေထဲမှာ အမျိုးသမီးလိဂ်ပြိုင်ပွဲတွေကို ထိုင်းနိုင်ငံက ၂၀၀၉ ခုနှစ်မှာ စတင်ကျင်းပနေတာဖြစ်ပြီး ဗီယက်နမ်နိုင်ငံကတော့ ၁၉၉၈ ခုနှစ်ကတည်းက ကျင်းပခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up