အမျိုးသမီးယာဉ်မောင်းလိုင်စင်

June 6, 2018

ဆော်ဒီတွင် ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် အမျိုးသမီးယာဉ်မောင်းလိုင်စင် ထုတ်ပေး

ဆော်ဒီအာရေဗျ အစိုးရဟာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအနေနဲ့ အမျိုးသမီးတွေအတွက် ယာဉ်မောင်းလိုင်စင်ကို ဇွန် ၄ ရက်နေ့က ထုတ်ပေးလိုက်ပါတယ်။ အမျိုးသမီး ယာဉ်မောင်းတွေကို တားမြစ်ပိတ်ပင်ထားမှုကိုလည်း ဇွန်လ ၂၄ ရက်နေ့မှာ ရုပ်သိမ်းမယ်လို့ ပြောပါတယ်။ အစိုးရ ဆက်သွယ်ရေးဌာနက ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ ပထမဆုံး အမျိုးသမီးအုပ်စုဟာ စမ်းသပ်မောင်းနှင်ပြဖို့ အပြင်ကိုမသွားခင် လိုင်စင်ရဖို့ တန်းစီနေပုံကို ပြထားပါတယ်။ ရှေးရိုးစွဲ အစ္စလာမ္မစ်နိုင်ငံ ဆော်ဒီအာရေဗျမှာ အမျိုးသမီးတွေကို ကားမောင်းခွင့် ပိတ်ပင်တဲ့ ဥပဒေတော့ မရှိပါဘူး။ ဒါပေမယ့် ဆော်ဒီဥပဒေအရ ပြည်သူတွေဟာ နိုင်ငံတွင်း နေချိန်မှာ ဒေသအလိုက် ထုတ်ပေးတဲ့ လိုင်စင်ကို သုံးဖို့ ဥပဒေအရ လိုအပ်ပါတယ်။ အဲဒီလိုင်စင်ကို အရင်က အမျိုးသမီးတွေကို ထုတ်မပေးတဲ့အတွက် ကားမောင်းဖို့ တရားမဝင်ပါဘူး။ အိမ်ရှေ့စံမင်းသား မိုဟမ်မဒ် ဘင်ဆယ်လ်မန်ရဲ့ ပြုပြင်ပြောင်းလဲရေး အစိတ်အပိုင်း အနေနဲ့ အမျိုးသမီးတွေကို ယာဉ်မောင်းလိုင်စင်ပိုင်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှေ့စံဟာ နိုင်ငံရဲ့ စီးပွားရေးအတွက် ရေနံကို မှီခိုမှုကနေ ခွဲထွက်ပုံစံပြောင်းဖို့နဲ့ ဆော်ဒီရဲ့ လူနေမှုပုံစံ ပွင့်လင်းလာဖို့ ကြိုးစားနေပါတယ်။
3 years Ago
Up