အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွပ်စွဲချက် ဒေါ်နယ်ထရမ့် ငြင်းဆန်

A d v e r t i s e m e n t With Us

October 14, 2016

အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွပ်စွဲချက် ဒေါ်နယ်ထရမ့် ငြင်းဆန်

အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ရီပက်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်က သူ့အပေါ် စွပ်စွဲချက်အားလုံးကို ငြင်းဆန်လိုက်ပါတယ်။ ဒီလို စွပ်စွဲတာဟာ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်နဲ့ မီဒီယာတွေ၊ တဖက်သတ် ၀ါဒဖြန့်ချိရေးသမားတွေက တမင်အကွက်ဆင်ပြီး သိက္ခာချတဲ့ အကြံအစည်တခု ဖြစ်တယ်လို့  ပြန်လည်ချေပပါတယ်။ ထရမ့်ကို စွပ်စွဲထားတဲ့ ကိစ္စတွေထဲမှာ ၁၉၈၀ ပြည့်လွန်နှစ်တွေက ကိစ္စတွေအထိ ပါဝင်နေပြီး ထရမ့်ကတော့ သူ့ကို စွပ်စွဲတဲ့ အမျိုးသမီးတွေကို လူချင်းလည်း မသိ၊ ဆုံလည်း မဆုံဖူးဘူးလို့ ဆိုပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ကျရင် ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်လို့ ရက်သတ္တပတ်တချို့ပဲ ကျန်တော့တဲ့အချိန်မှာ စစ်တမ်းတွေအရ ထရမ့်အပေါ် လူထုထောက်ခံမှု ကျဆင်းနေချိန်မှာ သိက္ခာကျစရာ စွပ်စွဲချက်တွေ ထွက်ပေါ်လာတာပါ။ အမျိုးသမီး ၂ ယောက်က ထရမ့်က သူတို့ကို လိင်ပိုင်းဆိုင်ရာ မတော်တရော် ကိုင်တွယ်ပွတ်သပ်တာ ခံခဲ့ရတယ်လို့ စွပ်စွဲသလို၊ နောက်ထပ် အမျိုးသမီး အတော်များများကလည်း ထရမ့်နဲ့ ကြုံခဲ့စဉ် ဖြစ်ခဲ့တာတွေကို မီဒီယာတွေကို ပြောခဲ့ကြပါတယ်။ ဂျက်စီကာလိဒ် Jessica Leeds ဆိုတဲ့ အမျိုးသမီးက နာမည်ကြီး နယူးယော့ခ်တိုင်းမ်သတင်းစာကို ပြန်ပြောထားတဲ့ ဗွီဒီယိုဖိုင်မှာ ၁၉၈၀ လောက်က ထရမ့်နဲ့ လေယာဉ်ပေါ်မှာ ဆုံတုန်း ရင်သားကိုင်တွယ်ခံရပြီး စကတ်ကြားကို လက်နှိုက်ဖို့အထိ ကြိုးစားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ရက်ချယ်ခရွတ် Rachel Crooks ဆိုတဲ့ အမျိုးသမီးကလည်း ၂၀၀၅ ခုနှစ်က ထရမ့်ပိုင်တဲ့ Trump Tower မှာ နှုတ်ဆက်ကြစဉ် ပါးစပ်ကို အတင်းနမ်းတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထရမ့်ဘက်က ငြင်းဆန်သလို၊ သီးခြားလည်း အတည်မပြုနိုင်ပါဘူး။
4 years Ago
Up