အမျိုးသမီးကျွန်

January 1, 2016

အမျိုးသမီးကျွန်နှင့် လိင်ဆက်ဆံနိုင်သည့် အိုင်အက်စ် စီရင်ထုံးကို ရှုတ်ချ

အီဂျစ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး အစ္စလာမ္မစ် အာဏာပိုင်အဖွဲ့ အယ်လ် အဲ့ဇ်ဟာ (Al-Azhar) က အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ်တွေရဲ့ စီရင်ထုံးဖြစ်တဲ့ အမျိုးသမီးကျွန်တွေနဲ့ လိင်ဆက်ဆံနိုင်တယ်ဆိုတဲ့ စီရင်ထုံးကို လူသိရှင်ကြား ရှုတ်ချလိုက်ပါတယ်။ ဒါဟာ အစ္စလာမ်ဘာသာနဲ့ ဘာမှမဆိုင်ဘူးလို့လည်း ပြောပါတယ်။ အယ်လ်အဲ့ဇ်ဟာ အာဏာပိုင်အဖွဲ့ဟာ အစ္စလာမ်ဘာသာကို သင်ကြားပို့ချနေတာ အနှစ် ၁၀၀၀ ရှိပါပြီ။ အိုင်အက်စ်တွေရဲ့ ဘာသာရေး ကျွမ်းကျင်သူတွေဟာ အလွန်အမင်း အသေးစိတ်တဲ့ စီရင်ထုံးတွေကို လတ်တလောမှာ ထုတ်ပြန်ခဲ့တာပါ။ သုံ့ပန်း အမျိုးသမီးတွေကို ကျွန်ပြုနိုင်သလို လိင်ဆက်ဆံနိုင်တယ်လို့ ဆိုထားပါတယ်။ ဥပဒေ စီရင်ထုံးတွေမှာ ဥပဒေရဲ့အားတွေ ပါဝင်ပြီး အိုင်အက်စ်တွေရဲ့ အရင်က လူသိထားပြီးသား အချက်တွေထက် ပိုလွန်ပုံရတယ်လို့ ထိပ်တန်း အိုင်အက်စ်ပညာရှင် တဦးက ပြောပါတယ်။ ဒါဟာ အိုင်အက်စ်တွေအနေနဲ့ အီရတ်နဲ့ ဆီးရီးယားတလွှား သူတို့ ထိန်းချုပ်မှုအောက်က လိင်ကျွန် အမျိုးသမီးတွေကို တရားစီရင်ဖို့ ရာစုနှစ်ချီနေတဲ့ တရားတွေကို ပြန်ပြီး ဘယ်လိုသုံးသပ်ဖို့ ကြိုးစားမလဲဆိုတဲ့အပေါ် အလင်းပြတယ်လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အုပ်စုတွေကတော့ အိုင်အက်စ်တွေကို အသက် ၁၂ နှစ်ထိငယ်တဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေ အထူးသဖြင့် အီရတ်မြောက်ပိုင်းက ယာဇိဒီတိုင်းရင်းသူတွေ ထောင်နဲ့ချီပြီး အဓမ္မပြုကျင့်တာတွေ၊ ပြန်ပေးဆွဲတာတွေကို စနစ်တကျ လုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အမျိုးသမီး အများအပြားကို တိုက်ခိုက်ရေးသမားတွေအတွက် ဆုအဖြစ်ပေးတာ ဒါမှမဟုတ် လိင်ကျွန်အဖြစ် ရောင်းချတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အိုင်အက်စ်တွေဟာ ဒီလုပ်ရပ်ကို မဖုံးကွယ်တဲ့အပြင် ကြွားဝင့်ခဲ့ပြီး ကျွန်စီမံခန့်ခွဲရေးဌာနကိုပါ တည်ထောင်ခဲ့ပါတယ်။ အယ်လ် အဲ့ဇ်ဟာ အာဏာပိုင်အဖွဲ့ရဲ့ စော်ဘွားရုံးက ရုံးအဖွဲ့ဝင် မိုဟာမဒ် မေဟနာက အိုင်အက်စ်နဲ့ တခြား အကြမ်းဖက်အဖွဲ့စည်းတွေဟာ သူတို့ရဲ့ သဘောတရားတွေကို အာရုံစိုက်ခံရဖို့ ဒီဗျူဟာတွေကို သုံးနေတယ်လို့ ပြောပါတယ်။ အိုင်အက်စ်တွေရဲ့ လုပ်ရပ်တွေဟာ အစ္စလာမ်ဘာသာကို ကိုယ်စားမပြုဘူးလို့ အယ်လ်အဲ့ဇ်ဟာ လုပ်ဖော်ကိုင်ဘက် အများအပြားက ရှုမြင်ကြောင်း မေဟနာက ထပ်ပြီး အသေအချာ ပြောပါတယ်။ အစ္စလာမ်ဘာသာရဲ့ သမိုင်းအစစ်နဲ့ တန်ဖိုးကို ကမ္ဘာတလွှားက မျက်မြင်ဖြစ်ပြီးသားမို့ ထပ်ပြီး စကားရည်လုနေဖို့ မလိုတော့ဘူးလို့လည်း သူက ဆက်ပြောပါတယ်။ ၂၀၁၄ စက်တင်ဘာလက ကမ္ဘာတလွှား အစ္စလာမ်ဘာသာ ပညာရှင် အယောက် ၁၂၀ ကျော်က အိုင်အက်စ်ခေါင်းဆောင် အဘူ ဘက်ခါ အယ်လ် ဘဂ္ဂါဒါဒီကို အိတ်ဖွင့်ပေးစာတစောင် ထုတ်ပြန်ခဲ့ပြီး အိုင်အက်စ်အုပ်စုရဲ့ ဘာသာရေး အငြင်းအခုံတွေဟာ သူတို့ရဲ့ လုပ်ရပ်အများအပြားနဲ့ မကိုက်ညီကြောင်း ငြင်းခုန်ခဲ့ပါတယ်။ ဒ့ါအပြင် ကျွန်ပြုမှုကို ပြန်မိတ်ဆက်တာ အစ္စလာမ်ဘာသာက တားမြစ်ပိတ်ပင်ထားတယ်လို့လည်း ပညာရှင်တွေက မှတ်ချက်ပေးခဲ့ပါတယ်။
7 years Ago
Up