အမျိုးသား ၂ ဦး ဖမ်းမိ

April 20, 2018

ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း တူမီးသေနတ်နှင့် အမျိုးသား ၂ ဦး ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း အမျိုးသားနှစ်ဦးကို တူမီးသေလက်နှစ်လက်၊ ယမ်းထိုးတံတစ်ချောင်း၊ ယမ်းခွေ(၁၅)ခွေ၊ ယမ်းမှုန့်တဗူးတို့နဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက သိရပါတယ်။ ဥက္ကံနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက “ကျနော်တို့ နယ်မြေခံရဲတပ်ဖွဲ့ရယ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သက်ထွန်းဦးဆောင်တဲ့အဖွဲ့တွေ ပူးပေါင်းပြီး ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း ဆင်သတ် မုဆိုးသတင်းအရ စုံစမ်းရှင်းလင်းရေး ဆောင်ရွက်တဲ့အချိန် ဥက္ကံသစ်တောကြိုးဝိုင်း အကွက်အမှတ်(၈)(ဒေသခေါ်)ဝဲကြီးတောမှာ ယာယီ တဲထိုးနေတဲ့ ဝါးခုတ်တဲ့သူတွေကို စစ်ဆေးတော့ သူတို့နှစ်ယောက်ကို ချုံပုတ်အတွင်း ဝှက်ထားတဲ့ တူမီးသေနတ်နှစ်လက်နဲ့အတူ ဖမ်းစီးရမိတာပါ။” လို့ ပြောပါတယ်။ ဖမ်းမိသူတွေမှာ ရေအေးစမ်းကျေးရွာနေ ဇော်မျိုး(ခ)ဇော်မျိုးနိုင်နဲ့ ကျွန်းတောကုန်းကျေးရွာက မောင်ယောဆိုသူတို့ဖြစ်ပြီး (ပ)၆၈/၂၀၁၈ လက်နက်ဥပဒေပုဒ်မ- ၁၉(စ)နဲ့ အမူဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ ဥက္ကံနယ်မြေရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ အထိ တောဆင်ရိုင်းအသတ်ခံရမှု ၁၀ကောင်အထက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ တောဆင်ရိုင်းအသတ်ခံရမှု ၄ ကောင်ရှိခဲ့တယ်လို့ သိရပါတယ်။ သတင်း-မေသွယ်
3 years Ago
Up