အမျိုးသား ၁၄၁ ဦးကို အင်ဒိုရဲ ဖမ်းဆီး

May 22, 2017

လိင်တူချင်း ပျော်ပါးသည့် ပါတီ တက်ရောက်ခဲ့သူ အမျိုးသား ၁၄၁ ဦးကို အင်ဒိုရဲ ဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ မေ ၂၁ ရက်နေ့က အမျိုးသားချင်း လိင်တူအပျော်အပါးပါတီ ကျင်းပခဲ့ရာမှာ ပါဝင်တက်ရောက်ခဲ့ကြတဲ့ အမျိုးသား ၁၄၁ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီပါတီကို တက်ရောက်ခွင့်ရရှိဖို့ ဝင်ကြေးအဖြစ် တဦးကို ရူပီးငွေ ၁ သိန်း ၈ သောင်း ၅ ထောင်လို့ သတ်မှတ်ခဲ့တာဖြစ်ပြီး တက်ရောက်ခဲ့ကြသူတွေထဲမှာ ဗြိတိန်နဲ့ စင်ကာပူနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လိင်တူချင်း ဆက်နွှယ်ပတ်သက်မှုကို ဥပဒေအရ တားမြစ်ထားပြီး ဆိုးဆိုးဝါးဝါး ဖိနှိပ်ထားခဲ့တာပါ။ ဂျကာတာမြို့တော် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရသူ ရာဒန် အာဂို ယူဝန်နိုက လက်ရှိ ဖမ်းဆီးထားသူ အမျိုးသားတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ညစ်ညမ်းမှုဆန့်ကျင်ရေး ဥပဒေအရ ဒဏ်ကြေးငွေ တပ်ရိုက်ခံရမယ်လို့ ပြောပါတယ်။ “သူတို့အားလုံးဟာ ဂေးတွေပဲ။ ပါတီထဲမှာ ဝစ်လစ်စလစ်နဲ့ ဗလာကျင်းအခြေအနေနဲ့ ရှိနေခဲ့ကြပြီး နေရာမှာတင် တကိုယ်ရေ လိင်အာသာဖြေတာတွေ လုပ်နေကြတာတွေကို ဖမ်းမိခဲ့တယ်။” ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အာချေးပြည်နယ်ထဲမှာ လိင်တူချင်း ဆက်ဆံခဲ့ကြတဲ့ အမျိုးသား ၂ ဦးကို ကြိမ်ဒဏ်အပြစ်ပေးခဲ့ပါသေးတယ်။ အာချေးပြည်နယ်ဟာ အင်ဒိုနီးရှားမှာ မွတ်စလင်အများဆုံးနေထိုင်တဲ့ ပြည်နယ်ဖြစ်ပြီး ၂၀၁၄ ကစလို့ လိင်တူချင်း ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် တရားဝင်သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပြည်နယ်တွင်းမှာ နိုင်ငံတော်က တရားဝင်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအပြင် ရှာရီးယာ ဥပဒေကိုလည်း ပူးတွဲကျင့်သုံးလေ့ရှိတယ်လို့ ဆိုပါတယ်။
4 years Ago
Up