အမျိုးသား ၁၃ ဦးထံမှ သတို့သမီးတင်တောင်းကြေး လိမ်ယူခဲ့သူ အမျိုးသမီးကို ထိုင်းရဲ ဖမ်းမိ

September 8, 2017

အမျိုးသား ၁၃ ဦးထံမှ သတို့သမီးတင်တောင်းကြေး လိမ်ယူခဲ့သူ အမျိုးသမီးကို ထိုင်းရဲ ဖမ်းမိ

ထိုင်းနိုင်ငံ ခရိုင်  ၅ ခုက အမျိုးသား ၁၃ ဦးထံကနေ သတို့သမီးတင်တောင်းကြေးနဲ့ မင်္ဂလာစရိတ်တွေ လိမ်လည်တောင်းယူပြီး ရှောင်တိမ်းနေတဲ့ အမျိုးသမီးကို ရဲတွေက နခွန်းပထုံခရိုင် ဆမ်ဖလမ်းမြို့မှာ မနေ့ညက ဖမ်းဆီးရမိတယ်လို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၃ နှစ်ရွယ်ရှိ ကျရိယာဖန်း ဘိုယိုင် ခေါ် နမ့်မွန်း ခေါ် ဖွန်း ဆိုတဲ့ အမျိုးသမီးဟာ ဆွဲ့ဖစ်ဖာလိဝမ်း ဆိုတဲ့ မိန်းကလေးအမည်နဲ့ အမျိုးသားတွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကနေ ရင်းနှီးကျွမ်းဝင် ချစ်သူယောင်ဆောင်ခဲ့ပြီး မင်္ဂလာဆောင်မယ်လို့ ပြောဆိုကာ တဦးကို ဘတ် ၂ သိန်းကျော် သတို့သမီးတင်တောင်းကြေး၊ မင်္ဂလာစရိတ်တွေ လိမ်လည်တောင်းယူခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားတွေနဲ့ သိကျွမ်းဖို့ရော ဘဏ်ငွေစာရင်းဖွင့်ဖို့ပါ အမည်နဲ့ မှတ်ပုံတင် အသုံးချခံခဲ့ရတဲ့ ဆွဲ့ဖစ်ဖာလိဝမ်းဟာ မနေ့ညနေက ရဲစခန်းကို လာရောက်တိုင်ကြားခဲ့ပါတယ်။ သူမနဲ့ ကျရိယာဖွန်းတို့ဟာ ညီအမဝမ်းကွဲတော်စပ်ပြီး ကျရိယာဖွန်းက သူ့အနေနဲ့ ဘားဆိုင်တခုမှာ အလုပ်လုပ်ချင်ပေမယ့် မှတ်ပုံတင်ထဲမှာ အလုပ်လျှောက်ထားဖို့ အသက်ကြီးနေလို့ သူ့မှတ်ပုံတင်ကို ခနငှားသွားကြောင်း၊ ဒါပေမယ့် အခုလို သူ့နာမည်နဲ့ လူတွေကို လျှောက်လိမ်မယ်လို့ မထင်ခဲ့ကြောင်း၊ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် သူ့အနေနဲ့ သိက္ခာကျ အရှက်ရခဲ့သလို အခန့်မသင့်ရင် ထောင်ကျနိုင်လို့ ကျရိယာဖန်းကို ဖမ်းဆီးအရေးယူပေးဖို့ ရဲစခန်းမှာ လာရောက်တိုင်ကြားရတာလို့ ဆွဲ့ဖစ်က ပြောပါတယ်။ ဒီနောက် ရဲတွေက ကျရိယာဖွန်းကို သူတည်းခိုနေထိုင်ရာ နခွန်းပထုန်ခရိုင် ဆမ်ဖလမ်းမြို့ ကထုမ်းလုမ့်ရပ်ကွက်ထဲမှာ မနေ့ည ၈ နာရီခွဲက သွားရောက်ဖမ်းဆီးခဲ့တာပါ။ ကျရိယာဖွန်းရဲ့ လက်ရှိခင်ပွန်းဖြစ်သူ နိုင်းကစ်သီဆဒ်မှာလည်း အရင်က လိမ်လည်မှုနဲ့ အမှုဖွင့်ခံရပြီး ရဲတပ်ဖွဲ့က အလိုရှိနေသူဖြစ်တာကြောင့် နှစ်ဦးစလုံးကို ဖမ်းဆီးခေါ်ဆောင်ပြီး တညလုံး စစ်ကြောရေးပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မနက် ၁၁ နာရီကျော်မှာတော့ ထိုင်းအမျိုးသားရာဇဝတ်မှုနှိမ်နင်းရေး ရဲဌာနချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး သူတို့ရဲ့ပြစ်မှုတွေကို ပြန်ရှင်းပြခဲ့ပါတယ်။ ဗဟိုစုံစမ်းစစ်ဆေးရေးဌာန ရဲမှူးကြီး ထီတိရတ် နောင်ဟန်ဖိထတ်က ကျရိယာဖမ်းဟာ အမှန်တကယ်ပဲ လိမ်လည်မှုကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ တွေ့ရကြောင်း၊ အမျိုးသားတွေဆီကနေ လိမ်ယူခဲ့တဲ့ ငွေစုစုပေါင်း ဘတ် ၃ သန်းကျော်ရှိပြီး မင်္ဂလာဆောင်တဲ့အိမ်အဖြစ် ငှားထားတဲ့အိမ်ဟာလည်း ငှားခမပေးလို့ လိမ်လည်မှုနဲ့ ငြိနေကြောင်း၊ ဒါ့အပြင် တပါးသူနဲ့ သစ်သီးဝလံ အရောင်းအဝယ်လုပ်ပြီး ငွေမချေတဲ့ပြဿနာ၊ အလောင်းအစားလုပ်တဲ့ ပြဿနာ၊ မြေကွက်လိမ်ရောင်းတဲ့ ပြဿနာ စတဲ့အမှုတွေ တသီကြီး စစ်ဆေးတွေ့ရှိတယ်လို့ ပြောပါတယ်။ ကျရိယာဖမ်းကတော့ သူမဟာ အမျိုးသားတွေကို လိမ်လည်လှည့်ဖျားဖို့ မရည်ရွယ်ခဲ့ကြောင်း၊ သူတို့နဲ့ အမှန်တကယ် ချစ်ကြိုက်လို့ တွဲခဲ့တာဖြစ်ပြီး အတူနေခဲ့တာလည်း ၇ ယောက်ပဲရှိတယ်လို့ ပြောပါတယ်။ အမျိုးသားတွေ အများကြီး ကျလောက်အောင် ဘယ်လိုဆွဲဆောင်ချစ်ကြိုက်ခဲ့လဲ၊ တကယ်ချစ်ရင် ဘာလို့ ငွေတွေလိမ်ယူသလဲဆိုတဲ့ သတင်းထောက်အမေးကိုတော့ မဖြေနိုင်ဘဲ ရဲတွေ ခေါ်ဆောင်ရာနောက် လိုက်ပါသွားခဲ့ပါတယ်။
4 years Ago
Up