အမျိုးသား သေဆုံးခဲ့

March 25, 2018

မင်္ဂလာလက်ဆောင်ဗုံးကြောင့် အမျိုးသား သေဆုံးခဲ့မှု တရားခံကို မဖော်ထုတ်နိုင်သေး

အိန္ဒိယနိုင်ငံ မြို့ငယ်လေးတခုမှာ မင်္ဂလာဆောင်ပြီးခါစ ဇနီးမောင်နှံထံ မင်္ဂလာလက်ဆောင်ဗုံးရောက်လာလို့ ဆော့ဖ်ဝဲအင်ဂျင်နီယာအဖြစ် လုပ်ကိုင်သူ ခင်ပွန်း သေဆုံးခဲ့ပြီး ဇနီးဖြစ်သူကတော့ ဒဏ်ရာအကြီးအကျယ် ရခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်က ငြိမ်းအေးတဲ့ အိုရစ်စာမြို့ငယ်လေးကို ထိတ်လန့်စေပြီး ၁ လနီးပါးကြာချိန်အထိ ရဲတွေရဲ့စုံစမ်းမှုက တိုးတက်ဖြစ်ထွန်းမှု မရှိဘူးလို့ သိရပါတယ်။ မင်္ဂလာဆောင်ပြီး ၅ ရက်အကြာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လယ်မှာ ဆက်ခါစာဟူ အသက် ၂၆ နှစ်နဲ့ ဇနီးသည် ရီမာ အသက် ၂၂ နှစ်တို့က အိုရစ်စာမြို့က မိသားစုအိမ်သစ်လေးရဲ့ မီးဖိုချောင်ထဲမှာ ရှိပြီး နေ့လယ်စာအတွက် ပြင်ဆင်နေကြတာပါ။ အိမ်ဂိတ်တံခါးဝ ခေါက်သံကြားလို့ ဆက်ခါ သွားချိန် ပစ္စည်းပို့တဲ့ အမျိုးသားတဦးက လိပ်စာတပ်ထားတဲ့ လက်ဆောင်ထုပ်ကို ကိုင်ပြီး ခြံအပြင်ဘက်မှာ ရပ်နေတယ်လို့ ဆိုပါတယ်။ ဘူးပေါ်မှာ ရိုင်ပူးဝါးက အက်စ်ကေရှာမာဆိုသူက ပို့လိုက်တယ်လို့ ရေးထားပြီး အဲဒီမြို့က သူတို့နဲ့ ၂၃၀ ကီလိုမီတာ ဝေးတယ်လို့ သိရပါတယ်။ ခင်ပွန်းဖြစ်သူက မီးဖိုချောင်ထဲမှာ အထုပ်ကိုဖွင့်ချိန် အဖြူရောင်ကြိုးပါ စက္ကူအစိမ်းရောင်လေးဘူးထဲက ထွက်နေတာကို တွေ့ရှိခဲ့တယ်လို့ ရီမာက ပြောပါတယ်။ အသက် ၈၅ နှစ်အရွယ် အဘွားလေးဖြစ်သူကလည်း ဘူးထဲ ဘာပါမလဲဆိုပြီး နောက်က ရပ်ကြည့်နေတယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူက “ဒါမင်္ဂလာ လက်ဆောင်ဖြစ်မယ်၊ ရိုင်းပူးဝါးမှာ အသိမရှိဘူး။ ဘယ်သူပို့တာလဲ မသိဘူး” လို့ ပြောပြီိး အပ်ချည်ကြိုးကို ဆွဲလိုက်ချိန် မီးပွင့်သွားပြီး ပေါက်ကွဲမှု အကြီးကြီး ဖြစ်ခဲ့တာပါ။ သူတို့ ၃ ဦးစလုံး ကြမ်းပြင်ပေါ် လဲကျသွားပြီး အဖွားလေးဖြစ်သူကို မီးစွဲနေချိန် ဆက်ခါက သတိမလစ်ခင် ငါသေတော့မယ်၊ ငါ့ကို ကယ်ပါဦးလို့ ပြောခဲ့တယ်၊ ဒီစကားကို ခင်ပွန်းဖြစ်သူရဲ့ နောက်ဆုံးစကားအဖြစ် ရီမာ ကြားခဲ့ရပြီး သူမရဲ့ မျက်နှာနဲ့ လက်မောင်းတွေကိုလည်း မီးစွဲလောင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ အဘွားဖြစ်သူတို့ ၉၀ ရာခိုင်နှုန်း မီးလောင်ခံရလို့ သေဆုံးသွားပြီး ရီမာကတော့ ပြည်သူ့ဆေးရုံမှာ ဆေးကုသရင်း တဖြည်းဖြည်း နေပြန်ကောင်းလာပါတယ်။ တလကျော်ချိန်အထိ ဆက်ခါကို ဘယ်သူသတ်သလဲဆိုတာ မခန့်မှန်းနိုင်ဘဲ ယောက်ခမဖြစ်သူကတော့ သူတို့က ရိုးစင်းတဲ့ဘဝနဲ့နေတာကြောင်း သူအပါဝင် သားမက်ဖြစ်သူနဲ့ သမီးတို့မှာ ရန်သူမရှိကြောင်း၊ ဘယ်သူ့ကိုမှ သံသယ မဖြစ်သလို ဘယ်သူသတ်လဲ မခန့်မှန်းနိုင်ကြောင်း ပြောပါတယ်။ ဒါပေမယ့် လက်မထပ်ခင် တနှစ်က ဆက်ခါဟာ ဖုန်းခေါ်ဆိုမှု တခုရပြီး အမျိုးသားတဦးက လက်မထပ်ဖို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ အဲဒီနောက် ဖုန်းခေါ်ဆိုမှု ထပ်မလာဘူးလို့ ဆက်ခါက ရီမာကို ပြောခဲ့ပါတယ်။ အဲဒီတခုကိုသာ ရီမာက သတိထားမိပြီး အဲဒီနောက် မကြာမီ သူတို့ လက်ထပ်ခဲ့ကြတာလို့ ဆိုပါတယ်။ စုံတွဲရဲ့ သူငယ်ချင်းတွေနဲ့ ဆွေမျိုးသားချင်း အယောက် ၁၀၀ ကျော်ကို ထောက်လှမ်းရေးတွေက စုံစမ်းမေးမြန်းခဲ့ပေမယ့် ဆက်ခါက အမွေဆက်ခံဖို့ တဦးတည်းသောသားဖြစ်နေလို့ မိသားစုဝင်တွေကို ပိုမိုစစ်ဆေးဖို့ လိုတယ်လို့ ရဲတွေက ပြောပါတယ်။ အခုအချိန်အထိ သတ်သူကို မဖော်ထုတ်နိုင်သေးပဲ အစိုးရအနေနဲ့ အမှုကို ပိုမိုစုံစမ်းမှုတွေလုပ်ပြီး လူသတ်သမားကို ဖမ်းဆီးနိုင်ဖို့ မျှော်လင့်ကြောင်း ယောက္ခမဖြစ်သူက ပြောတယ်လို့ ဘီဘီစီသတင်းမှာ မတ်လ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up