အမျိုးသား ထောင်ပေါင်းများစွာရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရကြောင်း ရဲရဲဝံ့ဝံ့ ဖွင့်ဟခဲ့သူ

September 22, 2017

အမျိုးသား ထောင်ပေါင်းများစွာရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရကြောင်း ရဲရဲဝံ့ဝံ့ ဖွင့်ဟခဲ့သူ

ဆယ်ကျော်သက်အရွယ် အသက် ၁၄ နှစ်ကစလို့ လိင်ကုန်ကူးဂိုဏ်းကြောင့် ၁၅ နှစ်ကျော်အတွင်း အမျိုးသား ထောင်ပေါင်းများစွာရဲ့ အဓမ္မပြုကျင့်မှု ခံခဲ့ရတယ်လို့ အင်္ဂလန်နိုင်ငံသူ ကေ့တ်လင်းစပန်စာက ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားလိုက်ကြောင်း မေရာသတင်းမှာ စက်တင်ဘာ ၂၀ ရက်နေ့က ဖော်ပြထားပါတယ်။ အဲ့ဒီအတွက်ကြောင့် သူမမှာ ကိုယ်ဝန် ၁၁ ကြိမ် ရှိခဲ့ပြီး ၇ ကြိမ် ကိုယ်ဝန်ဖျက်ချခဲ့ကာ ၂ ကြိမ် ကိုယ်ဝန်ပျက်ကြခဲ့တယ်၊ ကလေး ၂ ယောက်လည်း မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ [caption id="attachment_230169" align="alignleft" width="358"]ဓာတ်ပုံ - Getty ဓာတ်ပုံ - Getty[/caption] အခုအချိန်မှာ သူမက သူမရဲ့ ထိတ်လန့်စက်ဆုပ်ဖွယ် ဇာတ်လမ်းကို ပထမဦးဆုံးအနေနဲ့ သတ္တိရှိရှိ ဖွင့်ချလိုက်ပြီး သူမရဲ့အမှုက အဓိကအားဖြင့် အာရှလိင်ကုန်ကူးဂိုဏ်းတွေရဲ့လက်ထဲ ယူကေနိုင်ငံက ကလေးတွေ လူကုန်ကူးခံရတဲ့ အဆိုးရွားဆုံး အမှုတွေထဲက တမှုဖြစ်တယ်လို့ သိရပါတယ်။ သူမကို ကာကွယ်တဲ့အနေနဲ့ နာမည်အမှန်ကို ဖော်ပြထားခြင်းမရှိတဲ့ ကေ့တ်လင်းစပန်စာက အံ့သြထိတ်လန့်စရာတခုအဖြစ် ဒေသခံ နိုင်ငံရေးသမားတဦးပါတဲ့ ဂိုဏ်းအကြီးကြီးဟာ ခုထိလွတ်မြောက်နေသေးကြောင်း ပြောလိုက်ပါတယ်။ လိင်ကုန်ကူးဂိုဏ်းတွေရဲ့ တခြားဖြစ်နိုင်ခြေရှိတဲ့ သားကောင်တွေအမည်ကို သူမ ဖော်ပြချင်ပေမယ့် ဥပဒေကြောင်းအရ သူမ မပြောနိုင်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်က သူမ အရဲစွန့်ပြီး တရားဝင် ရဲကို တိုင်ကြားခဲ့ပေမယ့် သူမရဲ့အမှုကို ရုပ်သိမ်း ဘေးချိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဓိကအားဖြင့် အာရှလိင်ကုန်ကူးဂိုဏ်းတွေဟာ အခုအချိန်မှ သတင်းခေါင်းကြီးပိုင်းတွေမှာ ထူးထူးဆန်းဆန်း ဖြစ်နေတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ ပတ်ကလည်း နယူးကာဆယ်မှာ ၁၃ နှစ်အရွယ်လောက်ရှိတဲ့ မိန်းကလေးတွေကို ကာမဆက်ဆံဖို့ ရည်ရွယ်ချက်နဲ့ အင်တာနက်ကတဆင့် ချဉ်းကပ်မိတ်ဖွဲ့ပြီး အဓမ္မပြုကျင့်ခဲ့ကြလို့ လိင်ကုန်ကူးဂိုဏ်း ၁၈ ဖွဲ့ကို ထောင်ဒဏ်ချမှတ်ခဲ့တယ်။ ပြုကျင့်ခံခဲ့ရသူ ၂၇၈ ဦးရှိတယ်လို့ ရဲတွေက ပြောပါတယ်။ ဒီအမှုတွေမှာပါဝင်တဲ့ အမျိုးသားတွေက င်္ဘလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ အီရတ်၊ အီရန်နဲ့ တာကစ်ရှ် စတဲ့ အမျိုးသားတွေဖြစ်ကြောင်း၊ ကေ့တ်လင်းကတော့ ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေကို သူမနေထိုင်ရာဒေသမှာ တွေ့မြင်နေရဆဲဖြစ်ကြောင်း၊ ဒေသခံကျောင်းတွေက ကလေးတွေကို အငှားကားတွေနဲ့ ကြိုသွားတာ သူမ မြင်ရကြောင်း ထိတ်လန့်ဖွယ်ရာအဖြစ် ပြောပါတယ်။ ကေ့တ်လင်းက နယူးကာဆယ်အမှုကို ပြောဆိုရာမှာ “ဒီလိင်ကုန်ကူးဂိုဏ်းက ကျမကို နိုင်ငံရဲ့ နေရာအနှံ့ကို ခေါ်သွားခဲ့ကြတယ်။ အမျိုးသား ဘယ်နှဦးဆိုတာ ကျမ မရေတွက်နိုင်ပါဘူး။ အမျိုးသားထောင်ပေါင်းများစွာ ကျမကို အဓမ္မပြုကျင့်ခဲ့တယ်” လို့ သူမက ဆိုပါတယ်။ အဓမ္မပြုကျင့်သူ အမျိုးသားတွေကို သူမ အမည်မသိပေမယ့် အဓမ္မပြုကျင့်သူ အမျိုးသားတွေထဲက တဦးက ဒေသခံ နိုင်ငံရေးလောကမှာ လုပ်ဆောင်နေသူတဦးအဖြစ် နောက်ဆုံးမှာ သိခဲ့တယ်လို့ သူမက ဆိုပါတယ်။ “ဒီလိုရာထူးမျိုးနဲ့လူက ဒီလိုအလုပ်မျိုးလုပ်တယ်ဆိုတော့ ကျမ တကယ်ပဲ ထိတ်လန့်သွားတယ်။ ပြီးတော့ ဒီလိုလူမျိုးက အပြစ်ပေးဖို့၊ ဝေဖန်ဖို့ ဖြစ်နိုင်ပုံမရတာကြောင့် ကျမ ဒေါသထွက်တယ်” လို့ သူမက ဆိုပါတယ်။ ကေ့တ်လင်းရဲ့အကြောင်းကို “Please, Let Me Go” ဆိုတဲ့အမည်နဲ့ စာအုပ်ရေးသားနေပြီး ဒီစာအုပ်အသစ်ထဲမှာ သူမအကြောင်း ပြောပြထားပါတယ်။ တခြားပြုကျင့်ခံရတဲ့ သားကောင်တွေလိုပဲ စတင်ပြီး အဓမ္မပြုကျင့်ခံရချိန်မှာ သူမက လူဖြူဖြစ်တယ်၊ ငယ်ရွယ်တဲ့ ဆယ်ကျော်သက်ဖြစ်တယ်၊ ဒါပေမယ့် တခြားကလေးတွေလို ကလေးဂေဟာမှာ နေတာမဟုတ်ဘဲ မိဘတွေနဲ့အတူ မောင်တဦးနဲ့ အတူတူနေခဲ့တာပါ။ ကေ့တ်လင်းက မော်ဒယ်ကြော်ငြာတခုကို တွေ့ရင်း ဒီလိုဖြစ်ခဲ့ရတာလို့ ဆိုပြီး သူမမိဘတွေဟာ အလုပ်လုပ်ဖို့ အိမ်ကနေ နာရီအကြာကြီး ထွက်သွားရတဲ့အတွက် သူမ အဓမ္မပြုကျင့်ခံခဲ့ရတယ်ဆိုတာကို သတိမထားမိခဲ့ဘူးလို့ ဆိုပါတယ်။ ငယ်ရွယ်ပြီး ဘာမှမသိနားမလည်၊ အိမ်မှာ တဦးတည်းနေရသူ ကေ့တ်လင်းက မော်ဒယ်ကြော်ငြာဖုန်းနံပါတ်ကို ခေါ်ရာကနေ အမျိုးသားတဦးက အိမ်လာပြီး ဓာတ်ပုံရိုက်မယ်ပြောကာ ဦးဆုံးအကြိမ် အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ သူမက ဆိုပါတယ်။ သူမကိုလည်း ဘယ်သူ့ကိုမှ ပြန်မပြောဖို့ သတိပေး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ [caption id="attachment_230170" align="alignright" width="358"]Caitlin Spencer04-PA ဓာတ်ပုံ - ပီအေ[/caption] အဲ့ဒီနောက် အဓမ္မပြုကျင့်သူ အမျိုးသားက သူမကို လာကြိုမယ်လို့ ဖုန်းဆက်ပြီး သူမကလည်း အရမ်းထိတ်လန့်ကြောက်ရွံ့ခဲ့တဲ့အတွက် သဘောတူခဲ့ရကြောင်း၊ အဲ့ဒီဖြစ်ရပ်က သူမရဲ့ လူကုန်ကူးခံရခြင်းနဲ့ အဓမ္မပြုကျင့်ခံရခြင်းရဲ့ အစဖြစ်ကြောင်း ဆိုပါတယ်။ သူမက ဒီအဖြစ်တွေကို ဘယ်သူမှမပြောဘဲ ဒိုင်ယာရီ ရေးသားရာကနေ နောက်ဆုံး သူမအမေက ဒိုင်ယာရီစာအုပ် တွေ့သွားပြီး ရဲတွေကို အကြောင်းကြားခဲ့ပေမယ့် ရဲတဦးက ကေ့တ်လင်းကို စိတ်ပျက်ဖွယ်ရာ မေးခွန်းတွေမေးပြီး သူမ တရားရုံးမှာထွက်ဆိုလည်း အကာအကွယ်ရမှာမဟုတ်ဘူးလို့ ပြောခဲ့သလို မိခင်ကိုလည်း သူမဟာ လူသိတဲ့ လိင်လုပ်သားတယောက်လို့ ပြောခဲ့ပါတယ်။ သူမက နောက်ပိုင်းမှာ ရဲတွေနဲ့ပူးပေါင်းပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်က လိင်ကုန်ကူးဂိုဏ်း ၈၀ ကျော်ကို ဖော်ထုတ်ခဲ့ပေမယ့် ရဲတွေက အစပိုင်းမှာ အမှုခိုင်မာအောင် လုပ်မယ်လို့ ပြောခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီကိစ္စက ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒီအန်အေသက်သေတွေက လုံလောက်အောင် ခိုင်မာမှုမရှိဘူး၊ သူမရဲ့မှတ်ဉာဏ်က စိတ်ချရတဲ့ သက်သေတွေ မဟုတ်ဘူးလို့ ကေ့တ်လင်းကို ရဲတွေက ပြောခဲ့ပါတယ်။ သူမက “ရဲတွေက စိတ်ဝင်စားမှု မရှိတာနဲ့ ကျမကို ဘာမှ အကာအကွယ်မပေးတာက ကျမအတွက် လုံးဝ စက်ဆုပ်ဖွယ်ဖြစ်စေတယ်” လို့ ဆိုပါတယ်။ သူမအနေနဲ့ ကြောက်ရွံ့ပေမယ့် ဒီလိင်ကုန်ကူးဂိုဏ်းတွေရဲ့ အန္တရာယ်ကို လူတွေသိအောင် ထုတ်ဖော်ခဲ့တာလို့ ကေ့တ်လင်းက ပြောပါတယ်။ “ကျမ သူတို့ကို အနိုင်မပေးနိုင်ဘူး။ ကျမ ကြောက်ပါတယ်၊ ဒါပေမယ့် အခု ကျမလုပ်နိုင်တာကို လုပ်ပြီး ဒီဂိုဏ်းတွေအကြောင်း ပြောနေတာပါ။”
4 years Ago
Up