အမျိုးသားတဦး စင်ပေါ်တက်နှောင့်ယှက်မှုကြောင့် ထိတ်လန့်ခဲ့သည့် ဘရစ်တနေစပီးယား

August 11, 2017

အမျိုးသားတဦး စင်ပေါ်တက်နှောင့်ယှက်မှုကြောင့် ထိတ်လန့်ခဲ့သည့် ဘရစ်တနေစပီးယား (ရုပ်သံ)

နာမည်ကျော် ပေါ့ပ်အဆိုတော် ဘရစ်တနေစပီးယား သီချင်းဆို ဖျော်ဖြေနေချိန်မှာ အမျိုးသားတဦးက စင်ပေါ်တက် နှောင့်ယှက်ခဲ့လို့ ထိတ်လန့်တကြား ဖြစ်ခဲ့ရပါတယ်။ ဘရစ်တနေဟာ စင်ပေါ်မှာ အကအဖွဲ့တွေနဲ့အတူ သီဆိုဖျော်ဖြေနေခဲ့တာဖြစ်ပြီး အဲဒီအမျိုးသားက သူ့ရဲ့နောက်က အကအဖွဲ့တွေကြား စင်ပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘရစ်တနေကို ကာကွယ်ပေးဖို့ လုံခြုံရေးဝန်ထမ်း အမျိုးသား ၂ ဦး သူမအနီး ရောက်လာပြီး တွဲထားခဲ့ချိန်မှာ သူမဟာ ထိတ်လန့်ကြောက်ရွံ့ပုံ ပေါ်လွင်နေခဲ့တာကို တွေ့ရပါတယ်။ အမေရိကန်နိုင်ငံ၊ လာ့စ်ဗီးဂက်စ်မြို့မှာကျင်းပတဲ့ ဒီရှိုးပွဲမှာ သူ့ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ Till The World Ends ကို သီဆိုဖျော်ဖြေနေတုန်းမှာ အဲဒီအမျိုးသား စင်ပေါ်တက်လာပြီး သူမဆီလာဖို့ ကြိုးစားခဲ့တာပါ။ စင်ပေါ်မှာ အကအဖွဲ့တွေကြား ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပြီး နောက်မှာတော့ အဲဒီအမျိုးသားကို ဘရစ်တနေရဲ့ လုံခြုံရေးဝန်ထမ်းတွေက ထိန်းသိမ်းခဲ့ရတာကို တွေ့ရပါတယ်။ ဒီနောက် ဘရစ်တနေက “အဆင်ပြေကြရဲ့လား။ ဘာဖြစ်တာလဲ။ ဘယ်သူထိသွားသလဲ” ဆိုပြီး မေးခဲ့တာပါ။ ဘရစ်တနေရဲ့နာမည်ကို အော်ပြီး ခုလို နှောင့်ယှက်ခဲ့တဲ့ အမျိုးသားကိုတော့ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ရတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီနောက် ဘရစ်တနေဟာ သူမရဲ့ နောက်ဆုံးသီချင်းကို ဆက်ဆိုပြီး ပွဲကို အဆုံးသတ်ခဲ့ပါတယ်။
4 years Ago
Up