အမျိုးသမီး ၃ ဦးကို မိတ္ထီလာစည်ပင် အမှုဖွင့်

January 4, 2018

ဝတ္တရားနှောင့်ယှက်မှုဖြင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦးကို မိတ္ထီလာစည်ပင် အမှုဖွင့်

မိတ္ထီလာမြို့နယ် စည်ပင်သာယာဌာန အမှုဆောင်အရာရှိက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို အလုပ်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ အမှုဖွင့်တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက သိရပါတယ်။ ကိုအောင်နန်းထူး၊ မသင်းသင်းမာ၊ ဒေါ်နီ၊ ဒေါ်တင်တင်ရွှေတို့ ၄ ဦးဟာ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း တောင်းဆိုရာ ဥက္ကဋ္ဌက စာနဲ့တင်ပြပြီး စာနဲ့ ပြန်အကြောင်းပြန်ပေးမယ်လို့ ပြောဆိုခဲ့လို့ သူတို့ ၄ ဦးက ရုံးထဲက ပြန်မထွက်ဘဲ ဝန်ထမ်းတွေကို ထိခိုက်စေတဲ့ စကားလုံးတွေနဲ့ ဆူပူအော်ဟစ်ခဲ့တာကြောင့် အလုပ်ဝတ္တရား နှောင့်ယှက်မှုနဲ့ အမှုဖွင့်လာတယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ “စည်ပင်အမှုဆောင်အရာရှိက တိုင်ချက်ပေးတယ်။ သူကိုယ်တိုင်ပဲ တရားလိုလုပ်တယ်။ ဖြစ်တာက မနေ့က ဖြစ်တာပါ။ ဒီနေ့ အမှုလာဖွင့်တယ်။” ကိုအောင်နန်းထူး၊ မသင်းသင်းမာ၊ ဒေါ်နီ၊ ဒေါ်တင်တင်ရွှေတို့ ၄ ဦးကို တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်း အလုပ်ဝတ္တရား နှောင့်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ (ပ)၂/၂၀၁၈ တို့နဲ့ မိတ္ထီလာမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago
Up