အမျိုးသမီး ၂ ဦးရန်ပွဲကို ဖေ့စ်ဘွတ်ခ်တိုက်ရိုက်လွှင့်ခဲ့သည့်အမျိုးသား သေနတ်ပစ်ခံရ

May 15, 2017

အမျိုးသမီး ၂ ဦးရန်ပွဲကို ဖေ့စ်ဘွတ်ခ်တိုက်ရိုက်လွှင့်ခဲ့သည့်အမျိုးသား သေနတ်ပစ်ခံရ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ အမျိုးသားတဦးဟာ တခြားအမျိုးသမီး ၂ ဦးရဲ့ ရန်ပွဲကို ဖေ့စ်ဘွတ်ခ်မှတဆင့် တိုက်ရိုက်ထုတ်လွှင့်နေချိန်အတွင်း သေနတ်နဲ့ အပစ်ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အာကန်ဆက်စ်ပြည်နယ်၊ ဓာတ်ဆီဆိုင်တဆိုင်ရဲ့ ကားရပ်နားရာနေရာမှာ မေလ ၆ ရက် ညပိုင်းက ဖြစ်ခဲ့တာပါ။ အသက် ၂၂ နှစ်အရွယ် အမျိုးသားဟာ အုပ်စု ၂ စုမှ အမျိုးသမီး ၂ ဦး လုံးထွေးသတ်ပုတ် ရန်ဖြစ်နေကြတာကို ဖေ့စ်ဘွတ်ခ်မှတဆင့် တိုက်ရိုက်လွှင့်နေတုန်း သူ့ရဲ့ကျောကို သေနတ်ကျည်ဆံ ထိမှန်သွားခဲ့တာလို့ Arkansasmatter.com သတင်းတပုဒ်မှာ ဖော်ပြထားတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အုပ်စုထဲက လူတဦးဆီမှာ သေနတ်ပါတယ်လို့ ပြောလိုက်တဲ့အသံကို ကြားခဲ့ရပြီးနောက် သေနတ်ပစ်ခတ်သံကို စတင်ကြားခဲ့ရတာပါ။ မိုဘိုင်းဖုန်းဟာ မြေပြင်ပေါ် လွတ်ကျသွားခဲ့ပြီးနောက် သူက ပြန်ကောက်ယူခဲ့ကာ တိုက်ရိုက်ရုပ်သံကို ဆက်လက်ထုတ်လွှင့်ရင်း သူ့ကားဆီ ပြန်ပြေးခဲ့တာပါ။ သူက “ယေရှုဘုရားသခင်၊ ငါ့ကျောမှာ သေနတ်ဒဏ်ရာရခဲ့တယ်” လို့ ပြောခဲ့တာကို ကြားရပါတယ်။ ကားပေါ်မှာ သူနဲ့အတူပါလာတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသားရဲ့ ဦးခေါင်းကိုလည်း သေနတ်နဲ့ အရိုက်ခံခဲ့ရပြီး သွေးထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သေနတ်ပစ်သံတွေ နောက်ထပ်ကြားခဲ့ရပေမယ့် သေဆုံးမှုရှိတယ်လို့ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ သူတို့ ၂ ဦးဟာ အာကန်ဆက်စ်တက္ကသိုလ်က ဆေးရုံဆီ အကူအညီတောင်းဖို့ ကားမောင်းသွားခဲ့ရပါတယ်။ အခင်းဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ရဲတွေက သက်သေအဖြစ် အသုံးပြုသွားမှာဖြစ်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
4 years Ago
Up