ချောက်မြို့၊ အေးစေတီ ဘုရားစောင်းတန်းမှာ မူးယစ်ဆေးရောင်းချတဲ့ အမျိုးသမီး ၂ ဦးကို သြဂုတ် ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ချောက်မြို့မ ရဲစခန်းက သိရပါတယ်။
ချောက်မြို့၊ မဟာအေးစေတီဘုရား စောင်းတန်းမှာ ဒုရဲအုပ်ချစ်ဆွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သက်သေတွေနဲ့အတူ စောင့်ဆိုင်းနေချိန် ချောက်မြို့ ပြည်သူ့ဆေးရုံဘက်က မဟာအေးစေတီ စောင်းတန်းအတိုင်း လမ်းလျှောက်လာတဲ့ မနန္ဒာကို ရပ်တန့်စစ်ဆေးရာ ဘုရားစောင်းတန်းဘက်မှ အေးစေတီ ကွင်းအတွင်း ဆင်းတဲ့ လှေကားအတိုင်း ဆင်းပြေးခဲ့လို့ လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
မနန္ဒာရဲ့ ပိုက်ဆံအိတ်အတွင်းက မြက်ခင်းပေါ်ကို ပစ်လိုက်တဲ့ အထုပ်ငယ် ၂ ထုပ်ကို ဖွင့်ဖောက်စစ်ဆေးရာ စုစုပေါင်းတန်ဖိုး ၅၉၅၀၀ ကျပ်တန်ဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြား ၁၇ ပြား၊ ရောင်းရငွေလို့ ယူဆရတဲ့ ငွေ ၅၁၀၀၀ ကျပ်နဲ့ ဖုန်းတလုံး တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။
မနန္ဒာကို မေးမြန်းရာမှာ အမှတ် (၁၀)၊ ပတ္တမြားရပ်နေ မချောစုက တဆင့်ရောင်းချစေခဲ့တယ်လို့ သိရတာကြောင့် မချောစု နေအိမ်ကို ရှာဖွေခွင့် ဝရမ်းနဲ့အတူ သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး တစုံတရာ မတွေ့ရှိခဲ့ဘူးလို့ ချောက်မြို့မရဲစခန်းက သိရပါတယ်။
အမှတ်(၁၀)၊ အေးစေတီရပ်နေ အလှပြင်လုပ်ငန်းလုပ်ကိုင်သူ မနန္ဒာ (အသက် ၃၂-နှစ်) နဲ့ အမှတ်(၁၀)၊ ပတ္တမြားရပ်နေ မူးယစ်ဆေးဝါး ရောင်းချစေခဲ့သူ မချောစု(အသက် ၃၃-နှစ်) တို့ကို မူးယစ် (ပ)၁/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၆(က)/၂၁ နဲ့ ချောက်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)
5 years Ago