အမျိုးသမီး ၁ ဦးသေဆုံး

February 18, 2017

အလောင်းတော်ကဿပ ဘုရားဖူးကား တိမ်းမှောက်၊ အမျိုးသမီး ၁ ဦးသေဆုံး

ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းက ယင်းမာပင်မြို့နယ်၊ ကွမ်းစပ်ရွာအနီး၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကို သွားရာလမ်း မိုင်တိုင်အမှတ် ၈ နဲ့ကြားမှာ နိုင်မျိုးလင်း မောင်းနှင်လာတဲ့ 9H/8019 ခဲရောင်စူပါကာစတန် ဘုရားဖူးကားက ရှေ့ဘီးပေါက်ကာ တိမ်းမှောက်ခဲ့လို့ ကားပေါ်မှာ ဘုရားဖူးခရီးသည် ၆ ဦးလိုက်ပါလာခဲ့ပြီး ကားမှောက်မှုကြောင့် ကာပေါ်ပါလာသူ မချိုမြသီ ၃၂ နှစ် မှာ နေရာတင် သေဆုံးခဲ့ပါတယ်။ ကျန်တဲ့သူတွေ ဒဏ်ရာအသီးသီးရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ကုတင် ၅၀၀ မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေလုပ်ဆောင်နေပါတယ်။ ကားမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်း နိုင်မျိုးလင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု ယာဉ်(ပ)၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၇ အရ ယင်းမာပင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။. ဒီနှစ် ဘုရားဖူးရာသီ အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို ဇန်နဝါရီ ၇ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်ပြီး ၁ ပတ်အတွင်းမှာပဲ လူအသေအပျောက်မရှိပေမယ့် ယာဉ်မတော်တဆမှု တခုဖြစ်ခဲ့ပါသေးတယ်။ ဇန်နဝါရီအတွင်းမှာပဲ ဘုရားဖူးကားပေါ်က အမျိုးသမီး၁ဦး ပြုတ်ကျသေဆုံးခဲ့ပါသေးတယ်။ ယခုနှစ်အတွင်း အလောင်းတော်ကဿပလမ်းမှာ ယာဉ်မတော်တဆမှု ၂ ကြိမ်၊ ကားပေါ်ကပြုတ်ကျလို့ သေဆုံးမှု ၁ ကြိမ်တို့ အသီးသီးဖြစ်ပွားခဲ့ပြီး ယခုအကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဘုရားဖူးခရီးသွားယာဉ်တွေနဲ့ ပတ်သက်ပြီး ယာဉ်မတော်တဆမှုတွေမဖြစ်ပွားရအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့က စည်းကမ်းချက်တွေ ထုတ်ပြန်ထားတာလည်းရှိပါတယ်။ ထော်လာဂျီနဲ့ အိမ်စီးကားအချို့ကို တောင်ပေါ်လမ်းမှာ သွားလာခွင့်ပိတ်ပင်ထားပါတယ်။ အောင်ကိုလတ်
4 years Ago
Up