နာမည်ကျော် ဘောလုံးစတားတဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ ဂျင်းဘောင်းဘီဝတ် အမျိုးသမီး ဘောလုံးပရိသတ်တဦးရဲ့ တင်ပါးပေါ် သူ့ရဲ့လက်မှတ်ကို ထိုးပေးခဲ့ပါတယ်။
အဲဒီလို ခပ်နောက်နောက် ပြုမှုခဲ့တဲ့အချိန် အခိုက်အတန့်ကို ဘက်ခမ်းက သူ့ရဲ့ အင်တာနက် လူမှုကွန်ရက်ပေါ်မှတဆင့် ပြန်လည်မျှဝေခဲ့တာပါ။
အသက် ၄၂ နှစ်အရွယ် ဘောလုံးအကျော်အမော်ဟာ ဆိုင်ကယ်စီးခရီးစဉ်အတွင်းမှာ အဲဒီပရိသတ်အမျိုးသမီးရဲ့ ဂျင်းဘောင်းဘီဝတ် တင်ပါးပေါ်မှာ လက်မှတ်ထိုးပေးဖို့ ခေတ္တရပ်နားခဲ့တာလို့ ဆိုပါတယ်။
ဒေးဗစ်ဘက်ခမ်းကတော့ သူ့ရဲ့ထုံးစံအတိုင်း ခပ်မိုက်မိုက်ပုံစံနဲ့ ဦးထုပ်ကို နောက်ပြန်ဆောင်းထားပြီး လက်မောင်းပေါ်က တက်တူးတွေကို မြင်သာနိုင်ဖို့ အမည်းရောင် စွပ်ကျယ်အင်္ကျီတထည်ကို ဝတ်ဆင်ထားခဲ့တာပါ။
အဲဒီနောက်တော့ ကယ်လီဖိုးနီးယားပြည်နယ်၊ ကန်န်ဗီးလ်ဒေသ လမ်းမပေါ်မှာ သူလက်မှတ်ထိုးပေးခဲ့တဲ့ စုံတွဲနဲ့ ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံတွဲရိုက်ခဲ့တာပါ။
လက်ရှိမှာတော့ ဘက်ခမ်းတို့ အိမ်ထောင်ရေး အပြိုအကွဲသတင်းတွေ၊ ကောလာဟလတွေ ထွက်ပေါ်နေတာမို့ ဒါဟာလည်း လူပြောများစရာ သတင်းတခု ဖြစ်ခဲ့ပါတယ်။
ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ဟာ လက်ထပ်ပြီး ၁၈ နှစ်ကြာ ပေါင်းသင်းနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကောလာဟလ သတင်းတွေထဲမှာတော့ ဘက်ခမ်းတို့စုံတွဲဟာ အိမ်တအိမ်ထဲမှာ အတူရှိနေကြပြီး နေရာခွဲ နေနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သူတို့ပိုင်ဆိုင်တဲ့ ပေါင် ၅ သန်းတန် လယ်တောအိမ်အတွင်းမှာ အရွယ်အစားတူ၊ သီးခြားဖြစ်တဲ့ အိမ်အဆောင်တွေ ပါဝင်ပြီး တခုချင်းစီမှာ သီးသန့်မီးဖိုချောင် အိမ်ခန်းတွေနဲ့ အိမ်ဝင်းတွေပါမယ်လို့ ဒေးလီးမေးလ်သတင်းက ဆိုပါတယ်။
သီးခြားအိမ် ၃ လုံးပါတဲ့ သူတို့ရဲ့ လယ်တောအိမ်ကြီးမှာ သူတို့တွေ တဦးနဲ့တဦး မသင့်မြတ်တဲ့အခါ သီးခြားခွဲနေနိုင်ကြပြီး အိမ်ခွဲပြီးနေသလို ခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်ထဲမှာ ပါတီတွေကျင်းပတဲ့အခါ ပါတီပွဲတွေကနေ ဘက်ခမ်းအနေနဲ့ ရှောင်နေနိုင်မှာဖြစ်ပြီး ဒီအချက်ကလည်း လယ်တောအိမ်ကြီးကို ဝယ်လိုက်တဲ့ အကြောင်းအရင်းတခု ဖြစ်နိုင်တယ်လို့ သည်ဆန်းသတင်းမှာ ဇူလိုင် ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။
ဓာတ်ပုံ - MHD,PACIFICCOASTNEWS, THE MEGA AGENCY
6 years Ago