အမျိုးသမီးဦးရေ ထက်ဝက်ကျော် လိင်ပိုင်းထိပါးခံခဲ့ရ

April 6, 2018

ပြီးခဲ့သည့် ထိုင်းသင်္ကြန်အတွင်း အမျိုးသမီးဦးရေ ထက်ဝက်ကျော် လိင်ပိုင်းထိပါးခံခဲ့ရ

ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဆုန်ကရန်သင်္ကြန်ပွဲတော်ကာလမှာ အမျိုးသမီးဦးရေ ထက်ဝက်ကျော်လောက်ဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ကြုံခဲ့ကြရတယ်လို့ စစ်တမ်းတခုက ဆိုပါတယ်။ ဒါဟာ ဘန်ကောက်မြို့အခြေစိုက် အမျိုးသမီးနဲ့ အမျိုးသားတိုးတက်ရေးလှုပ်ရှား မှုဖောင်ဒေးရှင်က ဦးဆောင်ကာ စစ်တမ်းကောက်ယူခဲ့တာလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ပွဲတော်တက်ရောက်ခဲ့တဲ့ အမျိုးသမီးဦးရေ ၁၆၅၀ ကို စစ်တမ်းကောက်ယူခဲ့ကြတာဖြစ်ပြီး လိင်ပိုင်းထိပါးနှောင့်ယှက်ခံရသူ အရေအတွက်ဟာ စုစုပေါင်းအမျိုးသမီးဦးရေရဲ့ ၅၉ ဒဿမ ၃ ရာခိုင်နှုန်းရှိနေတာ ဖြစ်ပါတယ်။ သူတို့ဟာ နည်းလမ်းအမျိုးမျိုးနဲ့ ထိပါးနှောင့်ယှက်ခံခဲ့ကြရတာဖြစ်ပြီး အမျိုးသမီး ၃၄ ရာခိုင်နှုန်းနီးပါးကတော့ လက်တွေ၊ လက်မောင်းနေရာတွေကို ထိပါးခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၁၈ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို အမျိုးသားတွေရဲ့ လိင်အင်္ဂါနဲ့ ထိတွေ့စေတာမျိုးတွေ၊ ပွဲတော်လာ မူးရူးနေသူတွေက အရက်သေစာသောက်စားဖို့ တွန်းအားပေးတာမျိုးတွေ ကြုံရတာမို့ မလုံခြုံဘူးလို့ ခံစားရကြောင်း ပြောပါတယ်။ အမျိုးသမီးတွေရဲ့ ၄ ပုံ ၁ ပုံလောက်ကတော့ ရဲတွေကို တိုင်ကြားခဲ့ကြတယ်လို့ အခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်တဲ့ ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ ဧပြီ ၄ ရက်နေ့က “အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုကြောင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုဖြစ်စေသလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲမှာတော့ သရုပ်ဆောင် မင်းသမီးတဦးဖြစ်တဲ့ ဆီရ်ညာစင်ဒီဘိရှော့က ခုကိစ္စအပေါ် အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုတွေကို တင်းကြပ်စေတာမျိုးကို သူ့အနေနဲ့ သဘောမတူကြောင်းပြောခဲ့တာပါ။ အမျိုးသမီးတွေအနေနဲ့ သူတို့ ၀တ်ဆင်လိုရာကို လွတ်လပ်စွာ ရွေးချယ်ဝတ်ဆင် စေသင့်ပြီး ဒါဟာ ဆန့်ကျင်ဘက်လိင်တွေက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြစ်စေတယ်ဆိုတဲ့ အချက်ကို ထောက်ခံစေတဲ့ အချက်မဟုတ်ဘူးလို့ သူက ပြောလိုက်ပါတယ်။ ဆွေးနွေးပွဲလာတဲ့ တခြားသူတွေကတော့ အမျိုးသမီးတွေဟာ လုံလုံခြုံခြုံ ၀တ်စား ထားခဲ့ရင်တောင် သူတို့ရဲ့ ရင်သားတွေကို ဆုန်ကရန်ပွဲတော်ကာလတွင်းမှာ ထိပါး နှောင့်ယှက်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။
3 years Ago
Up