အမျိုးသမီးအမှတ်တံဆိပ် (ရုပ်သံ)

March 2, 2018

ဂျော်နီဝေါ့ကား-ဂျိန်းဝေါ့ကား ၀ီစကီပုလင်းပေါ် ရောက်လာသည့် အမျိုးသမီးအမှတ်တံဆိပ် (ရုပ်သံ)

တကယ်လို့များ အခုနှစ်ရဲ့ မတ်လမှာ ၀ီစကီဝယ်မယ်ဆိုရင်တော့ သင်တို့အနေနဲ့ ဂျော်နီဝေါ့ကား ၀ီစကီပုလင်းတွေပေါ်မှာ အနည်းငယ်ထူးခြားနေတာကို တွေ့ကြရမှာပါ။ အဲဒါကတော့ ပုလင်းတံဆိပ်ပေါ်က အမျိုးသမီးပုံပါပဲ။ ဂျော်နီဝေါ့ကား ၀ီစကီပုလင်းအမှတ်တံဆိပ်ကို အမျိုးသားတဦးပုံနဲ့သာ ပုံဖော် ရောင်းချခဲ့တာဖြစ်ပြီး အခုလကတော့ အမျိုးသမီးသမိုင်း အမှတ်တရဖြစ်တာမို့ ခုလို ပထမဆုံးအကြိမ် ဂုဏ်ပြုထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ၀ီစကီပုလင်း အမှတ်တံဆိပ်အောက်မှာတော့ ဂျော်နီဝေါ့ကားစာတန်းအစား ဂျိန်း ဝေါ့ကားလို့ တွေ့ရမှာဖြစ်ကာ ဒါကို အကန့်အသတ်နဲ့ ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ “ကျား၊မအရေးနဲ့ ပတ်သက်ပြီး ပြောကြတဲ့ အရေးတကြီး အကြောင်းအရာတွေဟာ ယဉ်ကျေးမှု ရှေ့မျက်နှာစာအဖြစ် မျက်မှောက်ခေတ်မှာ ဆက်ချီတက်နေပါတယ်။ ဂျိန်းဝေါ့ကားကို ဂုဏ်ပြုမိတ်ဆက်ပေးဖို့ ခုချိန်ထက်ကောင်းတဲ့ အချိန်မရှိနိုင်တော့ဘူးလို့ ကျွ်န်ုပ်တို့ ယုံကြည်ပါတယ်” လို့ ဂျော်နီဝေါ့ကားကုမ္ပဏီ ဒုဥက္ကဋ္ဌ စတက်ဖနီဂျက်ကော့ဘီက ပြောပါတယ်။ ဒါဟာ ကျားမတန်းတူညီမျှရေးဆီ ဦးတည်ချီတက်တဲ့ ဖြစ်စဉ်တခုဖြစ်ပြီး အမျိုးသမီးတွေကို ချီးမြှောက်ခွင့်ရလို့ ဂုဏ်ယူမိတယ်လို့ သူက ဆိုပါတယ်။ ဒီပုလင်းတလုံး ရောင်းချရတိုင်းမှာ ၁ ဒေါ်လာစီနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ သိန်းခွဲပြည့်တဲ့အထိ အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ ဖြစ်ရပ်တွေမှာ ကူညီထောက်ပံ့မှုတွေ လုပ်နေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းသွားမယ်လို့ ပြောပါတယ်။ ဂျိန်းဝေါ့ကား ဘလက်ခ်လေဘယ်လ်ပုလင်းတွေကို ခုချိန်ကစပြီး ထုတ်လုပ်တဲ့ အရေအတွက် ကုန်တဲ့ထိ ရရှိနိုင်မှာဖြစ်ကာ ၇၅၀ မီလီလီတာ ပုလင်းတလုံးကို တန်ဖိုး ၃၄ ဒဿမ ၉၉ ဒေါ်လာလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
4 years Ago
Up