အမျိုးသမီးလိင်လုပ်သားများအတွက်

December 19, 2016

အမျိုးသမီးလိင်လုပ်သားများ ကျန်းမာရေးဝန်ဆောင်မှုရရန်နှင့် အိပ်ခ်ျအိုင်ဗွီ ကုသနိုင်ရန် အရေးတကြီး လိုအပ်နေ

အမျိုးသမီးလိင်လုပ်သားတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုရဖို့နဲ့ အိပ်ခ်ျအိုင်ဗွီနဲ့ပတ်သက်ပြီး ကုသနိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။ အမျိုးသမီးလိင်လုပ်သားတွေအနေနဲ့ ခွဲခြားဆက်ဆံခံရတာ၊ အကြမ်းဖက်ခံရတာတွေကို လက်ရှိအချိန်ထိ ကြုံနေရဆဲ ဖြစ်ပါတယ်။ အကြမ်းဖက်ခံရတာကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသလို ခွဲခြားဆက်ဆံတာကြောင့် ကုသဖို့ အခွင့်အရေး လျော့နည်းနေတာပါ။ ရန်ကုန်မှာရှိတဲ့ အမျိုသမီးလိင်လုပ်သားတွေရဲ့ လေးပုံတပုံမှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရတယ်လို့ UNAIDS ရဲ့ လေ့လာချက်အရ သိရပါတယ်။ Aye Myanmar Association ရဲ့ ကွင်းဆင်းပညာပေးဝန်ထမ်း မသဇင်က “အဖမ်းခံလိုက်ရပြီဆိုရင် အိပ်ခ်ျအိုင်ဗွီရှိလို့ အေအာတီဆေး သောက်နေရတဲ့သူတွေအတွက် အခက်အခဲတွေ ကြုံရတယ်။ Sex Worker တွေက ပတ်ဝန်းကျင်မှာလည်း ခွဲခြားဆက်ဆံခံရတာကြောင့် ဆေးစစ်ဖို့၊ ဆေးယူဖို့တွေမှာ စိုးရွံ့တာတွေလည်းရှိတယ်” လို့ ပြောပါတယ်။ ကွန်ဒုံးလက်ဝယ်ထားလို့ မဖမ်းရဘူး သတ်မှတ်ထားပေမယ့် အခုအချိန်အထိ ဖမ်းဆီးနေတာတွေ ရှိနေတယ်လို့ အမျိုးသမီး လိင်လုပ်သားတွေက ပြောပါတယ်။ ကိုယ်တိုင်အလုပ်လုပ်သူတွေထက် လုပ်ငန်းရှင်ဆီမှာ အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီး လိင်လုပ်သားတွေကတော့ ကျန်းမာရေးဝန်ဆောင်မှုရဖို့ အခွင့်အလမ်း အများကြီး နည်းနေပါသေးတယ်။ လိင်လုပ်သားတွေကို အကူအညီပေးနေတဲ့ Aye Myanmar Association ရဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ကိုကျော်ဇေယျာဆွေက “အဖမ်းခံရသူတွေဆိုရင် အမှုမှာ တဝက်လောက် ရှုံးပြီးသားပဲ။ တရားသူကြီးက အဖမ်းခံရသူပြောတာထက် ရဲပြောတာကို ပိုနားထောင်တယ်။ ပြီးတော့ အလွတ်လုပ်နေတဲ့သူတွေထက် လုပ်ငန်းရှင်ဆီမှာ လုပ်နေသူတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး အခွင့်အလမ်းနည်းတယ်” လို့ ပြောပါတယ်။ လိင်လုပ်ငန်းကို ရာဇဝတ်မှုလို့ သတ်မှတ်ထားတာက ဆိုးကျိုးတွေ ပိုဖြစ်စေနိုင်တယ်လို့ လိင်လုပ်သားတွေနဲ့ အကူအညီပေးနေသူတွေက ဝေဖန်ပြီး ဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြပါတယ်။ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ အဖြစ်အများဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။ မြန်မာတနိုင်ငံလုံးမှာ အမျိုးသမီးလိင်လုပ်သား ၇ သောင်းဝန်းကျင်ရှိတယ်လို့ UNAIDS ရဲ့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။
5 years Ago

October 5, 2016

အမျိုးသမီးလိင်လုပ်သားများအတွက် လူ့အခွင့်အရေးပိုမိုနားလည်လာစေရေး ဆရာဖြစ်သင်တန်း ဖွင့်

အခွင့်အရေးချိုးဖောက်ခံရတာအပြင် အကြမ်းဖက်တာကိုလည်း ကြုံနေကြရတဲ့ အမျိုးသမီး လိင်လုပ်သားတွေကို ပညာပေးနိုင်ဖို့အတွက် လူ့အခွင့်အရေးသင်တန်းတခုကို ရန်ကုန်မြို့မှာ ၅ ရက်ကြာ ပြုလုပ်နေတာပါ။ အမျိုးသမီး လိင်လုပ်ငန်းကို ပြစ်မှုလို့ ဥပဒေက သတ်မှတ်ထားလို့ ဒီလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ သူတို့ရသင့်တဲ့ အခွင့်အရေးတွေကို တောင်းဆိုဖို့ မလွယ်ကူကြပါဘူး။ “အဓိက ကြုံနေရတာကတော့ အကြမ်းဖက်မှုပေါ့။ သာမန်အမျိုးသမီးတွေကတော့ ကိုယ့်ဖာသာ ရဲစခန်း သွားတိုင်ကြမှာပေါ့။ Sex Worker တွေကတော့ မသွားရဲကြဘူးလေ။ ဒါတွေကို ဘယ်လို အထောက်အထားတွေ ယူမလဲ။ သက်ဆိုင်ရာတွေကို ဘယ်လို တင်ပြရမလဲ ဆိုတာတွေ သင်ပေးမှာပါ”လို့ သင်တန်းပြုလုပ်ပေးတဲ့ Aye Myanmar Association ရဲ့ National Cooadinator ကိုကျော်ဇေယျာဆွေက ပြောပါတယ်။ ဒီသင်တန်းကို အာရှနဲ့ ပစိဖိတ် လိင်လုပ်သားကွန်ရက်ရဲ့ ပညာရှင်တွေက သင်ကြား ပေးနေတာပါ။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မိတ္ထီလာ၊ ဗန်းမော်နဲ့ မြစ်ကြီးနားမြို့တွေက အမျိုးသမီး လိင်လုပ်သားတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းကိုယ်စားလှယ် အယောက် ၅၀ တက်ရောက်နေပါတယ်။ Medical Action Myanmar အဖွဲ့က လာတက်နေတဲ့ ဆရာဖြစ်သင်တန်းသူ မပိုင်ပိုင်ကတော့ “ကိုယ့်အခွင့်အရေးက ဘာလဲ ဆိုတာ အရင်ကထက်ပိုပြီး သိလာတယ်။ သင်တန်းပြီးရင် ကျွန်မတို့နဲ့ ပတ်သက်တဲ့ Sex Worker  တွေကို ဒီအကြောင်း ပြန်ပြောမယ်။ သူတို့ကလည်း သူတို့ သူငယ်ချင်းတွေကို ဒါတွေ ပြန်ပြောနိုင်တဲ့ အထိ ရှင်းပြပေးမယ်” လို့ ဆိုပါတယ်။ လက်ရှိ ဥပဒေတွေအရ အမျိုးသမီး လိင်လုပ်သားတွေအနေနဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ အတွက် တောင်းဆိုဖို့ ခက်ခဲသလို ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း ကောင်းကောင်း မရကြပါဘူး။ နောက်ဆုံး ရရှိထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အမျိုးသမီး လိင်လုပ်သား ၇ သောင်းဝန်းကျင်ရှိနေတာပါ။
5 years Ago
Up