အမျိုးသမီးများ

June 8, 2018

အမျိုးသမီးများ၏ စီးပွားရေးစွမ်းပကား တိုးမြှင့်ရေး G-7 ခေါင်းဆောင်များကို ဆန္ဒပြတိုက်တွန်း

ကနေဒါနိုင်ငံ၊ ခေးဘတ်မြို့မှာ ကျင်းပမယ့် G-7 ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်  အမျိုးသမီးတွေရဲ့ စီးပွားရေးစွမ်းပကား တိုးမြှင့်ရေး G-7 ခေါင်းဆောင်တွေကို တိုက်တွန်းတဲ့ ဆန္ဒပြပွဲကို ခေးဘတ်အခြေစိုက် Oxfam အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့ Oxfam အဖွဲ့ဟာ ဖန်မျှင်ထည်နဲ့လုပ်ထားတဲ့ G-7 ခေါင်းဆောင်တွေရဲ့ ခေါင်းပုံစံတူ အရုပ်တွေကိုသုံးပြီး  အမျိုးသမီးတွေရဲ့ စီးပွားရေးဆိုင်ရာ စွမ်းပကားအရေး G-7 နိုင်ငံတွေက ခေါင်းဆောင်တွေ သတိထားမိလာစေဖို့ ကြိုးပမ်းခဲ့ပါတယ်။ G-7 စက်မှုနိုင်ငံတွေက ခေါင်းဆောင်တွေ ကနေဒါနိုင်ငံ၊ ခေးဘတ်မြို့မှာ တွေ့ဆုံတဲ့အခါ အမျိုးသမီးတွေ တန်းတူညီမျှမှုရှိရေး ဆွေးနွေးဖို့ ခေါင်းဆောင်တွေကို Oxfam အဖွဲ့က တိုက်တွန်းနေတာပါ။ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေဟာ ငွေကြေးမရတဲ့ အိမ်မှုကိစ္စဝန်တွေပဲ ပိနေတယ်လို့ ခေးဘတ်-Oxfam အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒန်နီး ဘနက်စ်က ပြောပါတယ်။ “ဒီလိုလုပ်နေတာက စီးပွားရေးထဲစီးဝင်မယ့် ငွေကြေးအရ ဒေါ်လာ ၁ ထရီလီယံလောက်နီးပါး ရှိပါတယ်။ ဒါ စီးပွားရေးကဏ္ဍအတွက် တကယ့်ကို ကြီးမားတဲ့ ပမာဏဖြစ်ပေမယ့် အမေ့ခံဖြစ်နေတယ်။ ကျမတို့ဝတ်နေတဲ့ အဝတ်အစားတွေဟာ တနေ့ကို ၁၈ နာရီလောက်လုပ်ရတဲ့ အမျိုးသမီး လုပ်သားတွေဆီက လာတာပါ။ သူတို့ရတဲ့ လုပ်အားခကလည်း ကလေးတွေကိုတောင် ကျောင်းထားဖို့ မလောက်ငပါဘူး။ ကျောင်းထားမယ်ဆိုရင်လည်း မိန်းကလေးထက် ယောက်ျားလေးတွေကို ဦးစားပေးပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ စီးပွားရေးမှာ မညီမျှမှုဒဏ် ၂ ဆခံနေရပါတယ်။ သူတို့က ဆင်းရဲရုံတင် မကပါဘူး။ ဒါကြောင့် ကျမတို့ ကနေဒါမှာတင်မက G-7 နိုင်ငံတွေမှာပါ ပြည်သူ့မူဝါဒတွေ ဖော်ဆောင်ဖို့ ခေါင်းဆောင်တွေကို တိုက်တွန်းချင်ပါတယ်” လို့ သူကပြောပါတယ်။ "ကမ္ဘာတဝှမ်းက အမျိုးသမီးတွေဟာ ငွေကြေးမဝင်တဲ့ အိမ်မှုကိစ္စတွေကို အမျိုးသားတွေထက် ၂ ဆကနေ ၁၀ ဆအထိ လုပ်နေရတယ်။ ဒါကပဲ အများနည်းတူ လစာရရေးလုပ်ရာမှာ သူတို့ကို အဟန့်အတား ဖြစ်နေစေတာ။ ဒါ့ပြင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့၊ နိုင်ငံရေးမှာပါဝင်ဖို့၊ မီဒီယာမှာပါဝင်ဖို့ ခက်စေသလို သူတို့ဘဝအတွက်လည်း မကောင်းဘူးလေ” လို့ Oxfam က ကျားမတန်းတူညီမျှရေး အကြံပေး ရိုဝမ်ဟာဗေးက ပြောပါတယ်။ ခေးဘတ်မှာကျင်းပမယ့် G-7 ထိပ်သီးဆွေးနွေးပွဲကို ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒေါက ဦးဆောင်ကျင်းပမှာပါ။ G-7 စက်မှုနိုင်ငံတွေထဲမှာ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်၊ အီတလီနဲ့ ကနေဒါနိုင်ငံတို့ ပါဝင်ပါတယ်။
4 years Ago

October 7, 2017

အမျိုးသမီးများ တိုက်ပွဲတွင် ပါဝင်ကြရန် အိုင်အက်စ်တိုက်တွန်း

ဆီးရီးယားနဲ့ အီရတ်မှာ နယ်မြေတွေ ဆက်တိုက်ရှုံးနေလို့ အမျိုးသမီးတွေ တိုက်ပွဲအတွင်း ပါဝင်ဖို့ အိုင်အက်စ်တွေက ပထမဆုံးအကြိမ် တိုက်တွန်းလိုက်ပါတယ်။ အခုလို တိုက်တွန်းလိုက်တာဟာ ကမ္ဘာတဝန်းလုံး အကျိုးသက်ရောက်မှုတွေ ဖြစ်သွားနိုင်တယ်လို့ အင်ဒီပန်းဒန့်သတင်းမှာ အောက်တိုဘာလ ၆ ရက်နေ့က ဖော်ပြထားပါတယ်။ အာရပ်ဘာသာစကားနဲ့ အသစ်ထုတ်ဝေထားတဲ့ အိုင်အက်စ်သတင်းစာထဲမှာ အမျိုးသမီးထောက်ခံသူတွေအနေနဲ့ ရုပ်ပိုင်းအရ ဂျီဟတ်လုပ်ဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ အကြမ်းဖက်အုပ်စုက ပြောထားပါတယ်။ “အစ္စလာမ်ဘာသာကို ထောက်ခံတဲ့အနေနဲ့ တိုက်ခိုက်နေတဲ့ မွတ်စလင် မူဂျာဟစ်တွေကို ပံ့ပိုးဖို့ ရှေ့တန်းစစ်မျက်နှာအားလုံးမှာ အမျိုးသမီးမွတ်စလင်တွေလည်း ဖြည့်ဆည်းဖို့ လိုအပ်တယ်” လို့ အိုင်အက်စ်သတင်းစာပါ ဆောင်းပါးမှာ ရေးထားတာပါ။ အိုင်အက်စ်တွေက အမျိုးသမီးတွေ တိုက်ပွဲမှာ ပါဝင်ဖို့ ယခင်က တားမြစ်ထားပြီး အိုင်အက်စ်တိုက်ခိုက်ရေး သမားတွေနဲ့ လက်ထပ်ဖို့၊ ဝါဒဖြန့်ချိဖို့၊ အိုင်အက်စ် လူဦးရေတိုးပွားဖို့ ကလေးမွေးဖွားပြီး အယူဝါဒသွတ်သွင်းရန်သာ တိုက်တွန်းခဲ့တာပါ။ အမြစ်ပြတ်ရေးနှင့် နိုင်ငံရေးအကြမ်းဖက်မှု (အိုက်စီအက်စ်အာ) လေ့လာရေး အပြည်ပြည်ဆိုင်ရာ ဌာနက အကြီးတန်းသုတေသီ ချာလီဝင်းတားက “အိုင်အက်စ်တွေရဲ့ ထုတ်ပြန်ချက်တွေထဲမှာ သွယ်ဝိုက်ပြောဆိုချက်တွေက အများကြီးပဲ။ လုံခြုံရေးနဲ့တန်ပြန်အကြမ်းဖက်မှုတွေနဲ့ အများဆုံး ဆက်စပ်သလို အီရတ်နဲ့ဆီးရီးယားက တိုက်ပွဲတွေနဲ့လည်း ဆက်စပ်တယ်။ ဒါမျိုးက အရင်က မဖြစ်ခဲ့ဖူးဘူး” လို့ အင်ဒီပန်းဒန့်သတင်းဌာနကို ပြောပါတယ်။ အိုင်အက်စ်တွေကြောင့် ဖြစ်တဲ့ ကမ္ဘာတဝှမ်းက အကြမ်းဖက်မှုတွေမှာ အမျိုးသမီးတွေက အဓိကနေရာက ပါဝင်တာမဟုတ်ပေမယ့် နွေရာသီအတွင်း မိုဆူးလ်မြို့ရဲ့ အီရတ်ခံတပ်ဟောင်းက အုပ်စုအတွင်းမှာ အမျိုးသမီး လက်ဖြောင့်တပ်သားတွေနဲ့ အသေခံဗုံးခွဲသမားတွေ စတင် ပေါ်ထွက်လာတယ်လို့ သတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။ အမေရိကန်ဦးဆောင်တဲ့ စုပေါင်းအဖွဲ့အစည်းတခုက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအရ ဆီးရီးယားနဲ့ အီရတ်တဝန်း အမျိုးသားအိုင်အက်စ် တိုက်ခိုက်ရေးသမား အရေအတွေ မလုံမလောက်ဖြစ်နေပြီး ၂ ထောင်အောက်သာ ကျန်ရှိတယ်လို့လည်း သိရပါတယ်။
4 years Ago
Up