အမျိုးသမီးတဦး လသားအရွယ်ကလေးနှင့် တိုက်ခေါင်မိုးပေါ်မှ ခုန်ချသတ်သေရန် ကြံစည်

January 29, 2018

အမျိုးသမီးတဦး လသားအရွယ်ကလေးနှင့် တိုက်ခေါင်မိုးပေါ်မှ ခုန်ချသတ်သေရန် ကြံစည်

ထိုင်းနိုင်ငံမှာ လသားအရွယ် ကလေးငယ်နဲ့အတူ ၃ ထပ်တိုက် အိမ်ခေါင်မိုးစွန်းမှ ခုန်ချသတ်သေဖို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသမီးတဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မြို့၊ ခနန်ယိုခရိုင်တွင်းမှာ ဖြစ်ခဲ့ပြီး သတင်းပေးချက်အရ ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ခဲ့ကြရတာလို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ နွိုင်လို့ခေါ်တဲ့ အဲဒီအမျိုးသမီးဟာ ရဲတွေရောက်ရှိလာချိန်မှာ ၃ ထပ်အမြင့်ရှိတဲ့ အဆောက်အအုံရဲ့ ခေါင်မိုးအစွန်းမှာ ၈ လသားအရွယ် ကလေးငယ်နဲ့အတူ ထိုင်နေတာကို တွေ့ခဲ့ရတာပါ။ သူဟာ အိမ်ထောင်ရေး အဆင်မပြေမှုတွေကြောင့် စိတ်ကစဥ့်ကလျားဖြစ်နေတာလို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ ရဲတွေဟာ အမျိုးသမီးရဲ့ စိတ်အခြေအနေ တည်ငြိမ်စေဖို့ အဲဒီနေရာတဝိုက် ကန့်သတ်ထားခဲ့ရပြီး လူတွေကို ဝေးဝေးမှာနေကြဖို့ တောင်းဆိုခဲ့ရကာ အမျိုးသမီးကို ဖျောင်းဖျပြောဆိုဖို့ ကြိုးစားခဲ့ကြရတာပါ။ အောက်မှာတော့ လေအိတ်ကူရှင်တွေကို ဖြန့်ချထားပြီး ရွေ့လျားပလက်ဖောင်းတခုအသွင် ဖန်တီးပြီး ခုန်ချမယ့် အောက်တည့်တည့်မှာ ထားခဲ့ကာ ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အသက် ၃၂ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ သူ့ရဲ့ချစ်သူ အမျိုးသားနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ကလေးကိုချီပြီး ခေါင်မိုးထပ်ကို တက်သွားခဲ့တာလို့ ပြောပါတယ်။
4 years Ago
Up