မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာရှိ အမျိုးသမီးငယ်တဦးကို Facebook လူမှုကွန်ရက်စာမျက်နှာ Messenger ကတဆင့် ညစ်ညမ်းစွာ ဆဲဆိုနှောင့်ယှက် ရေးသားခဲ့သူကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ရေနံမနယ်မြေရဲစခန်းမှ သိရပါတယ်။
ရေနံမ ကျေးရွာနေ အမျိုးသမီးငယ်တဦးဟာ ဇူလိုင် ၁၈ ရက်နေ့မနက် ၁၀ နာရီခွဲ အချိန်ခန့်က နေအိမ်မှာ Facebook လူမှုကွန်ရက် အသုံးပြုနေချိန် ရေနံမ ရေနံမြေရဲကင်းဝင်းနေ မိုးကျော်သူရဲ့ ရုပ်ပုံ Profile Picture အသုံးပြုထားတဲ့ YE KO KO အကောင့်နဲ့ Messenger ကတဆင့် မကြားဝံ့မနာသာ ညစ်ညမ်းစွာ ဆဲဆိုပြီး အသရေပျက်စေသည့် စာသားတွေနဲ့ နှောင့်ယှက်ရေးသားခဲ့တာကြောင့် ရေနံမ နယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
လူမှုကွန်ရက် Messenger အသုံးပြုပြီး ညစ်ညမ်းစွာ ဆဲဆိုရေးသားတဲ့ ရေနံမရေနံမြေရဲ ကင်းစခန်းဝင်း နေသူ YE KO KO အကောင့်ပိုင်ရှင် မိုးကျော်သူ (၂၂-နှစ်) ကို ဇူလိုင် ၂၅ ရက် ည ၇ နာရီ ၅၅ မိနစ်အချိန်က ရေနံမနယ်မြေရဲစခန်း(ပ)၇၆/၂၀၁၇ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ပြီး ဒုရဲအုပ်စိုးအေးက အမှုကို စစ်ဆေး ဆောင်ရွက်နေပါတယ်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မနဲ့ အရေးယူတာ ရေနံမ တိုက်နယ်အတွင်း ပထမဦးဆုံးအမှု ဖြစ်တယ်လို့ စခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
သတင်း - မင်းထီး
6 years Ago