အမျိုးသမီး

July 4, 2019

အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် နယ်သာလန်က ဆွီဒင်ကို အနိုင်ရ (ရုပ်သံ)

အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ နယ်သာလန်က ဆွီဒင်ကို အချိန်ပိုမှာ ၁ ဂိုးတည်းနဲ့နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ မိနစ် ၉၀ အထိ တဖက်ဂိုးမရှိ သရေကျနေလို့ အချိန်ပိုကစားရာ ၉၉ မိနစ်မှာ နယ်သာလန်အတွက် အနိုင်ဂိုးကို ဂရိုနန်က သွင်းယူပါတယ်။ ခြေစွမ်းမကွာတဲ့ နှစ်သင်းဆုံတာ ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဥရောပ ချန်ပီယံ နယ်သာလန်က ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ဆွီဒင်ကလည်း ဂိုးပေါက် ခြိမ်းခြောက်တာတွေ လုပ်နိုင်ခဲ့ပါတယ်။ နယ်သာလန်အသင်းဟာ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းသွားတာပါ။ လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲမှာ နယ်သာလန်ဟာ လက်ရှိ ချန်ပီယံ အမေရိကန် အမျိုးသမီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။
2 years Ago

October 28, 2018

ကလေးသူငယ်နှင့် အမျိုးသမီးများ လိင်အလွဲသုံးစားပြုခံရမှု ပပျောက်ရေးဆွေးနွေးပွဲ မုံရွာတွင် ပြုလုပ်

ကလေးသူငယ်နှင့် အမျိုးသမီး လိင်အလွဲသုံးစားပြုခံရမှု၊ အကြမ်းဖက်ခံရမှု ပပျောက်ရေးဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ၊ ကလေးသူငယ်အခွင့်အရေးနှင့် မုဒိမ်းမှု၊ အကြမ်းဖက်ခံရမှုတို့ကို လိုက်ပါကူညီဆောင်ရွက်ပေးသူတွေ ဦးဆောင်ကာ အောက်တိုဘာ ၂၇ ရက်နေ့က ဗိုလ်ချုပ်လမ်း၊ ဖိုတိုစားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး လှုပ်ရှားသူတွေ၊ ရှေ့နေတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနှင့် ကိုယ်တိုင်အကြမ်းဖက် အဓမ္မပြုကျင့်ခံခဲ့ရသူတချို့ တက်ရောက်ခဲ့ကာ အမှုဖြစ်ရတဲ့အကြောင်းရင်းနှင့် ဥပဒေအရ သိလိုတဲ့ အမေးအဖြေတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ “ရည်ရွယ်ချက်ကတော့ ကျနော်တို့ နိုင်ငံမှာ အခုနောက်ပိုင်းမှာ Highlight ဖြစ်လာတဲ့ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး လိင်အလွဲသုံးစားခံရမှုတွေနဲ့ လိင်အကြမ်းဖက်ခံရမှုတွေမှာ ခံရတဲ့ ပြည်သူတွေဘက်ကနေပြီးတော့မှ သူတို့ကို ပြုကျင်တဲ့တရားခံတွေကို ဥပဒေစက်ကွင်းထဲမှာ စွပ်မိအောင်လို့ လိုအပ်တဲ့ အချက်အလက်တွေကို ကျွန်တော်တို့က ပံ့ပိုးကူညီတဲ့အနေနဲ့ ဒီပွဲလေးတွေကို လုပ်တာဖြစ်ပါတယ်” လို့ ဦးဆောင်ကျင်းပသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနေက ပြောပါတယ်။ ဒီပွဲကို ကျင်းပတဲ့ ကလေးသူငယ်နှင့် အမျိုးသမီးများ လိင်အလွဲသုံးစားပြုခံရမှု၊ အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ပပျောက်ရေးအတွက် ကူညီဆောင်ရွက်နေတဲ့ ကွန်ရက်အဖွဲ့အနေနဲ့ အထက်ဗမာပြည်မှာ ကလေးသူငယ်ကိစ္စတွေ၊ မုဒိမ်းမှုတွေ၊ အကြမ်းဖက်မှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတာဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ပခုက္ကူခရိုင်၊ ပြင်ဦးလွင်ခရိုင်တွေမှာလည်း လုပ်ခဲ့ပြီးပြီလို့ဆိုပါတယ်။ လက်ရှိမှာ မုဒိမ်းမှုတွေ၊ အထူးသဖြင့် သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး သေဒဏ်ပေးဖို့ အဖွဲ့အစည်းအသီးသီးက တောင်းဆိုတာတွေလည်း ရှိပါတယ်။ နေရာတော်တော်များများမှာ လိင်အလွဲသုံးစားပြုခံရမှု၊ အကြမ်းဖက်ခံရမှုတွေနဲ့ပတ်သက်ပြီး ကျူးလွန်ခံရသူတွေအနေနဲ့ အမှန်တရားကို ရင်ဆိုင်ဖို့ တရားရုံးတွေကို သွားရောက်ဖို့ ဝန်လေးနေကြသေးတယ်လို့ ဆိုပါတယ်။ ဗဟုသုတနည်းပါးတာ၊ ငွေးကြေးချို့တဲ့တာ၊ တရားစီရင်ရေးစနစ်ကို မယုံကြည်တာတွေက တရားရုံးတွေကို သွားရောက်ဖို့ နှောင့်နှေးစေတာလို့လည်း ပြောပါတယ်။ ဒီလိုတွေ မဖြစ်စေဖို့အတွက် ဒီပွဲကို ကျင်းပတဲ့ ကလေးသူငယ်နှင့် အမျိုးသမီးများ လိင်အလွဲသုံးစားပြုခံရမှု၊ အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ပပျောက်ရေးအတွက် ကူညီဆောင်ရွက်နေတဲ့ ကွန်ရက်အဖွဲ့ကနေ အသိပညာပေး ဟောပြောပွဲတွေအပါအဝင် အထက်ဗမာပြည်မှာ လိုက်ပါကူညီဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။
3 years Ago
More News
Up