အမ်မရီချန်

March 12, 2020

လီဗာပူးကစားသမား ဖြစ်ဖူးတာကြောင့် ယူနိုက်တက်ကမ်းလှမ်းမှုကို ပယ်ချလိုက်တာပါ- အမ်မရီချန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့ မစဉ်းစားခဲ့ပေမဲ့ လီဗာပူး ကစားသမား ဖြစ်ခဲ့ဖူးတာကြောင့် ချက်ချင်း ပယ်ချဖို့ ဆုံးဖြတ်ခဲ့တာလို့ ဒေါ့မွန် ကွင်းလယ်လူ အမ်မရီချန်က ပြောပါတယ်။  အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဂျူဗင်တပ်စ်အသင်းကနေ ဒေါ့မွန်အသင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒေါ့မွန်ကို မပြောင်းခင် သူ့ကို ကလပ်အသင်းတွေက ကမ်းလှမ်းခဲ့ပြီး အဲဒီထဲမှာ ပရီးမီးယားလိဂ်ကလပ် သုံးသင်းလည်း ပါဝင်တယ်လို့ ချန်က ပြောပါတယ်။  ချန်ဟာ လီဗာပူးအသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အီတလီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့တာကြောင့် မွေးရပ်မြေ ဂျာမနီကို ပြန်လည်ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ မွေးရပ်မြေကိုမပြန်ခင် ပရီးမီးယားလိဂ်ကို ပြန်လည်အခြေချဖို့ အခွင့်အရေးရှိခဲ့ပေမယ့် လီဗာပူးအသင်းအပေါ် ထားရှိတဲ့ သဘောထားကြောင့် ဒီကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တယ်လို့ သူက ပြောပါတယ်။  “ပရီးမီးယားလိဂ် တခုတည်းကပဲ ကျနော့်ကို ကလပ်အသင်း သုံးသင်းက ကမ်းလှမ်းခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်လည်း အပါအဝင်ပေါ့။ ဒါပေမဲ့ ကျနော်ဟာ လီဗာပူး ကစားသမား ဖြစ်ခဲ့ဖူးတာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းပဲ ပယ်ချဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ ချန်က Kicier ကို ပြောပါတယ်။ “ကျနော် ဒေါ့မွန်အသင်းကို အရင်ကတည်းက သဘောကျနှစ်သက်ခဲ့ပါတယ်။ ကျနော်ဟာ ကျနော့်ကို လိုအပ်ပြီး တန်ဖိုးထားမယ့် ကလပ်အသင်းတသင်းကို ပြောင်းရွှေ့ချင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒေါ့မွန်ကို ရွေးချယ်ဖြစ်ခဲ့တာပါ။ ဒီအသင်းက ကျနော်နဲ့ ကိုက်ညီမှုရှိပြီးတော့ ကျနော့်ကိုလည်း တန်ဖိုးထားပါတယ်” လို့လည်း သူက ပြောပါတယ်။  ဘိုင်ယန်မြူးနစ်မှာ ကစားခဲ့ဖူးတဲ့ ဂျာမနီ လက်ရွေးစင် ချန်ဟာ ဒေါ့မွန်အသင်းနဲ့ လျင်လျင်မြန်မြန် အထိုင်ကျခဲ့သူဖြစ်ပြီး ပွဲဦးထွက်မှာတင် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ့မွန်အသင်း ၅ ပွဲဆက်တိုက် အနိုင်ရရှိခဲ့မှုမှာလည်း သူနဲ့ ကစားသမားသစ်တဦးဖြစ်တဲ့ အာလင်ဟာလန်းတို့ဟာ အဓိကနေရာကနေ ပါဝင်ပါတယ်။  ချန်ဟာ ဒေါ့မွန်အသင်းနဲ့ လျင်လျင်မြန်မြန် ခြေစွမ်းပြနေသူဖြစ်ပြီး အသင်းဖော်တွေအနေနဲ့ တခါတရံမှာ ညစ်ညစ်ပတ်ပတ် ကစားဖို့ လိုအပ်နေသေးတယ်လို့လည်း သတိပေးခဲ့ဖူးပါတယ်။  “ကျနော်တို့ ဂိုးတွေ အလွယ်တကူ ခွင့်ပြုနေရပါတယ်။ ကျနော် ဒီအသင်းကို ရောက်တာ မကြာသေးပေမယ့် သတိပြုမိခဲ့တာ တခုတော့ ရှိပါတယ်။ အဲဒါက နည်းနည်းလေး ညစ်ပြီး ကစားဖို့ပါပဲ။ ကျနော်တို့အနေနဲ့ လိုအပ်မယ်ဆိုရင် တခါတလေမှာ အပြစ် ကျူးလွန်ဖို့ လိုအပ်ပါတယ်” လို့ Sky Germany နဲ့ ဖေဖော်ဝါရီလက တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
2 years Ago
Up